Connect with us

INTERNATIONAL ORGANIZATION

ဆေးလိပ်သောက်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို မကာကွယ်နိုင်ကြောင်း WHO ပြော

အစ္စရေးနိုင်ငံ Ashkelon ဆေးရုံပြင်ဘက်တွင် ဆေးလိပ်သောက်နေသူတစ်ဦးအား ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ မေ ၁၀ ရက်(ဆင်ဟွာ)

ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)က  ဆေးလိပ်သောက်သုံးခြင်းဖြင့် COVID-19 ရောဂါကို ကာကွယ်တားဆီးနိုင်ခြင်း မရှိကြောင်း မေ ၈ ရက်တွင် ပြောကြားလိုက်သည်။

“ အချို့သော သိပ္ပံပညာရှင်တွေက စီးကရက်သောက်သူတွေဟာ COVID-19 ရောဂါနဲ့ ဆေးရုံရောက်တာ နည်းပါးတယ်” ဆိုပြီး ပြောဆိုနေမှုနှင့်ပတ်သက်၍ WHO ကျန်းမာရေးဆိုင်ရာ အရေးပေါ်အစီအစဉ်မှ COVID-19 တုံ့ပြန်ရေး နည်းစနစ်အဖွဲ့ခေါင်းဆောင် ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ Maria Van Kerkhove က ယင်းပြောဆိုချက်များသည် တိကျမှန်ကန်မှုမရှိကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထည့်သွင်းပြောကြားခဲ့သည်။ 

စင်ကာပူနိုင်ငံတွင် ၂၀၁၉ ခုနှစ် မေ ၂၁ ရက်က ဆေးလိပ်သောက်သုံးခွင့်ပြုသော အခန်းအတွင်း ဆေးလိပ်သောက်နေသူတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံပါရီမြို့တွင် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၈ ရက်က လမ်းသွားရင်း ဆေးလိပ်သောက်နေသူတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

“ အချို့သော မီဒီယာတွေမှာ ဖော်ပြနေတဲ့ လေ့လာမှုတွေမှာ COVID-19 ရောဂါနဲ့ဆေးရုံတင်ထားရသူတွေအကြားမှာ ဆေးလိပ်သောက်သူပါဝင်မှု နည်းပါးတယ်ဆိုပြီး ပြောဆိုနေတာတွေဟာ  ခိုင်မာ တိကျတဲ့ အထောက်အတားတွေ မရှိပါဘူး ၊ အဲဒီလေ့လာမှုတွေမှာ ဆေးလိပ်သောက်သုံးခြင်းဖြင့် ရောဂါကာကွယ်နိုင်ကြောင်း သို့မဟုတ် ဘယ်လိုပုံစံမျိုးနဲ့ အကာအကွယ်ဖြစ်စေကြောင်း တိကျသေချာတဲ့ အချက်အလက်တွေလည်း မပါပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ ဆေးရွက်ကြီးရဲ့ အန္တရာယ်ကို အားလုံး ကောင်းစွာ သိထားကြပြီးသားပါ။ ဆေးလိပ်သောက်လို့ နှစ်စဉ် လူသန်းပေါင်းများစွာ သေဆုံးနေရတာကို ကျွန်မတို့ သိပြီးသားပဲလေ။ COVID-19 ရောဂါဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်သလို ဆေးလိပ်သောက်ရင် လည်ချောင်းပြွန်တွေကို ထိခိုက်ပျက်စီးစေမှာပဲ ” ဟု ၎င်းက ဆိုသည်။

“ လေ့လာမှုအများအပြားအရ ဆေးလိပ်သောက်သူများအနေဖြင့် ပြင်းထန်သောရောဂါဝေဒနာကို ခံစားရကြောင်း နှင့် အဆိုပါ လူနာများသည် အသက်ရှူစက်(ventilator) အကူအညီဖြင့် ကုသမှုခံယူရသလို ပို၍ အန္တရာယ်များပြားကြောင်း နှင့် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ခံယူကြရကြောင်း” ၎င်း ကဆက်လက်ပြောကြားခဲ့သည်။

“ ဆေးလိပ်ရဲ့ ထိခိုက်မှုတွေကို ကျွန်မတို့ ကောင်းကောင်းသိကြပါတယ်၊ အဲဒီဆေးလိပ်သောက်သူတွေဟာလည်း အကယ်၍ သူတို့အနေနဲ့ COVID-19 ကူးစက်ခံရပြီးဆိုရင် အပြင်းအထန်ရောဂါလက္ခဏာ ခံစားရသလို ၊  သေဆုံးရတာအထိ အန္တရာယ်ကြီးမားပါတယ်” ဟု ၎င်းက အလေးအနက်ပြောကြားခဲ့သည်။(Xinhua)