Connect with us

INTERNATIONAL ORGANIZATION

ကမ္ဘာတစ်ဝှမ်း၌ လာမည့်အပတ်တွင် COVID-19 ရောဂါ ဖြစ်ပွားသူ ၁၀ သန်း ရှိလာမည်ဟု WHO ခန့်မှန်း 

WHO အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus အား တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) 

ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါ ဖြစ်ပွားသူ အရေအတွက်သည် လာမည့်အပတ်အတွင်း ၁၀ သန်း အထိ ရောက်ရှိလာမည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က ယနေ့ ဇွန် ၂၅ ရက်တွင်  ခန့်မှန်းပြောကြားလိုက်ပြီး စိုးရိမ်ရသည့် အခြေအနေရှိသော အပြင်းအထန် လူနာများအား ကယ်တင်ရန် အောက်ဆီဂျင်ပေးစက်များ၏ အရေးပါပုံအကြောင်းကို မီးမောင်းထိုး အလေးအနက်ပြောကြားခဲ့သည်။ 

WHO အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဇွန် ၂၅ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် COVID-19 ရောဂါ ဖြစ်ပွားသူ ၉ ဒသမ ၁ သန်းကျော် နှင့် သေဆုံးသူ ၄၇၀,၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ 

ရောဂါ စတင်ဖြစ်ပွားသော ပထမလတွင် WHO သို့ ပေးပို့သော စာရင်းများအရ ဖြစ်ပွားသူဦးရေမှာ ၁၀,၀၀၀ အောက်လျော့နည်းခဲ့သော်လည်း ပြီးခဲ့သောလတွင် ဖြစ်ပွားမှုမှာ လေးသန်းနီးပါး ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ “ လာမယ့်အပတ်မှာ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၀ သန်းထိ ရောက်မယ်လို့ ခန့်မှန်းပါတယ်။ လူ့အသက်တွေကို ကယ်တင်ဖို့နဲ့ ကူးစက်မှုကို တားဆီးဖို့အတွက် ကျွန်တော်တို့ လုပ်နိုင်တာမှန်သမျှ လုပ်ဖို့ တာဝန် ရှိပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

WHO အကြီးအကဲက  ရောဂါပြင်းထန်သူများ နှင့် စိုးရိမ်ဖွယ် COVID-19 လူနာများအတွက် လူ့အသက်ကို ကယ်တင်ရန် အထိရောက်ဆုံး နည်းလမ်း တစ်ခုအဖြစ် အောက်ဆီဂျင်ပေးစက် ၏ အရေးပါပုံကို အလေးအနက် ထားပြောကြားခဲ့သည်။ WHO ၏ ခန့်မှန်းချက်တွင် လက်ရှိကူးစက်နှုန်းအရ တစ်ပတ်လျှင် ရောဂါ ဖြစ်ပွားမှုအသစ် တစ်သန်းကျော်ရှိနိုင်ကြောင်း ၊ ကမ္ဘာပေါ်တွင် တစ်ရက်လျှင် အောက်ဆီဂျင် ကုဗမီတာ ၆၂၀,၀၀၀ ခန့် လိုအပ်ပြီး ယင်းမှာ ကြီးမားသည့် အကြီးစားဆလင်ဒါ  အလုံးပေါင်း ၈၈,၀၀၀ ခန့်  ရှိကြောင်း ၊ သို့သော် ဈေးကွက်၏ ၈၀ ရာခိုင်နှုန်းကို ကုမ္ပဏီ အနည်းငယ်ကသာ ပိုင်ဆိုင်ထားပြီး ဝယ်လိုအားသည် ရောင်းလိုအားထက် များနေခြင်းကြောင့် နိုင်ငံအများအပြားအနေဖြင့် အောက်ဆီဂျင်ပေးစက်များ ရရှိရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။ 

WHO နှင့် ကုလသမဂ္ဂ မိတ်ဘက်များက ကမ္ဘာတစ်ဝှမ်းရှိ အောက်ဆီဂျင် အသက်ရှူစက်များလိုအပ်နေသောနိုင်ငံများအတွက် ပံ့ပိုးပေးနိုင်ရန် ပုဂ္ဂလိက ကဏ္ဍအမျိုးမျိုး နှင့် အနီးကပ်ပူးပေါင်း လုပ်ဆောင်နေကြောင်း WHO ညွှန်ကြားရေးမှူးချုပ် Tedros က ပြောကြားခဲ့သည်။ 

ဆွေးနွေးမှုများအရ WHO က အောက်ဆီဂျင်အသက်ရှူစက် ၁၄,၀၀၀ လုံး အား ဝယ်ယူရန် ဆောင်ရွက်ခဲ့ပြီး လာမည့် အပတ်တွင် နိုင်ငံ ၁၂၀ သို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၊ ထပ်မံ၍ အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ အသက်ရှူစက် ၁၇၀,၀၀၀ လုံးကို လာမည့် ခြောက်လအကျော်တွင် ရရှိမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)