Connect with us

MYANMAR

စက်ရုံ ၊ အလုပ်ရုံများမှ အာမခံထားရှိသော အလုပ်သမား ၂၆,၃၀၅ ဦးအတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်များ ထုတ်ပေးခဲ့ 

ရန်ကုန်မြို့ရှိ အထည်ချုပ် စက်ရုံ တစ်ခုတွင် ခွဲစိတ်ခန်းသုံး ဝတ်စုံများ ချုပ်လုပ်နေသော အလုပ်သမားများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၆ ရက်(ဆင်ဟွာ)

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၁၅၆ ခုမှ အာမခံထားရှိသော အလုပ်သမား ၂၆,၃၀၅ ဦး အတွက် မေ ၂၄ ရက်ထိ ငွေကျပ် ၅၅၉ ဒသမ ၄ သန်း (၅၅၉,၄၃၅,၈၀၅ ဒသမ ၆၉)ကို လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် အဖြစ် ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။ 

“COVID-19 ကာလမှာ စက်ရုံ ၊ အလုပ်ရုံတွေ တစ်ချို့က ပိတ်လိုက်ရတယ်။ တစ်ချို့ကလဲ သူဟာသူ အဆင်မပြေလို့ ပိတ်တယ်။ တစ်ချို့ကလဲ နိုင်ငံတော်က ကျန်းမာရေးနဲ့ ညီညွတ်အောင် စစ်ဆေးမှု ခံယူတဲ့ ကာလမှာ ပိတ်တယ်။ အဲဒီအချိန်မှာ အလုပ်ရှင်ရော အလုပ်သမားရော တစ်ချို့ တခါတလေမှာ အခက်အခဲလေးတွေ ဖြစ်တယ်လေ။ ဒါကို တစ်ဖက်တစ်လမ်းကနေ လူမှုဖူလုံကြေး ထည့်ဝင်ကြေးတွေ ထည့်ထားတာ ဖြစ်တဲ့ အတွက် ဒီအလုပ်သမားတွေကို လူမှုဖူလုံကြေးကနေ ပြန်ပြီးတော့ လူမှုကူညီထောက်ပံ့တဲ့ သဘောပဲ။ အခု လျှောက်နေတာတော့ အများကြီးပဲ။အလုပ်ဌာနတွေ အခုဆိုရင် ထောင်ဂဏန်းလောက် ရှိပြီ ။ အလုပ်သမားကလဲ တစ်ရုံမှာ ထောင်နဲ့ ချီတဲ့ စက်ရုံ ရှိတယ်။ ရာနဲ့ချီတာလဲ ရှိတာပေါ့။ သို့သော် လာပြီးတော့ လျှောက်တဲ့ အချိန်မှာ စိစစ်ရတာပေါ့။” ဟု အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

Covid-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်၊ အကြံပြု ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဧပြီလ ၂၀ ရက်မှ မေ ၁၅ ရက်အထိ စစ်ဆေးစဉ်ကာလအတွင်း ယာယီအလုပ်ရပ်နားခဲ့ရသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ လူမှုဖူလုံရေးအဖွဲ့နှင့် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများအတွက် ရပ်နားထား ရသည့်ရက်များအလိုက် လုပ်ခလစာ၏ ၄၀% ကို လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် အဖြစ် စိစစ်ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ 

 လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် လျှောက်ထားရာတွင် သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများတွင်လည်းကောင်း၊ Online Web portal (https://www.ssbmyanmar.org)  သို့ လည်းကောင်း ဝင်ရောက်၍ လျှောက်ထားနိုင်ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ 

Online မှလျှောက်ထားသည့် တောင်းခံလွှာများနှင့် မြို့နယ်ရုံးခွဲများမှတစ်ဆင့် လျှောက်ထားသည့် တောင်းခံလွှာများကို စိစစ်ခွင့်ပြုရေး ဘုတ်အဖွဲ့ဖြင့် စိစစ်ခွင့်ပြုလျက်ရှိရာ ကျန်ရှိသည့် တောင်းခံလွှာများကိုလည်း ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)