Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရဖြည့်စွက်စာများ ရွှေသံလွင်မီဒီယာကုမ္ပဏီမှ လှူဒါန်း 

ကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရဖြည့်စွက်စာများ ရွှေသံလွင်မီဒီယာကုမ္ပဏီမှ လှူဒါန်းမှု မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

COVID-19 ကာကွယ်ထိန်းချုပ် နေသည့် ကာလ အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေသော ဆရာဝန် ၊ သူနာပြု နှင့် ကျန်းမာရေးဝန်ထမ်းများအား အာဟာရ ပြည့်ဝပြီး ကိုယ်ခံအား မြှင့်တင်ရာတွင် အထောက်အကူ ဖြစ်စေရန် အာဟာရဖြည့်စွက်စာများ ဖြစ်သည့် နွားနို့ ၊ ကြက်ဥ နှင့် ဌက်ပျောသီးများကို ရွှေသံလွှင်မီဒီယာ ကုမ္ပဏီလိမိတတ်မှ ယနေ့ ဧပြီ ၉ ရက်မှ ဧပြီ ၃၀ ရက်အထိ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စုစုခိုင်က “အခုလို ကျန်းမာရေး ဝန်ထမ်းတွေ COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး လုပ်ဆောင်ရတဲ့ အချိန်အတွင်းမှာ လူအင်အား ၊ စိတ်အင်အားတွေ ပင်ပန်းတဲ့ အချိန်အတွင်းမှာ အားဖြည့်ပေးဖို့အတွက် အခုလို အာဟာရတွေ ကူညီထောက်ပံ့ပေးတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။”ဟု ပြောကြားခဲ့သည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလတွင် နေ့မနား ၊ ညမအား ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနေသည့် ဆရာဝန် ၊ သူနာပြု နှင့် ကျန်းမာရေးဝန်ထမ်းများအား စိတ်ဓာတ် ၊ ခွန်အား မြင့်မားအောင် ၊ ရောဂါ ကုသရေးတွင် ပိုမို အစွမ်းထက်အောင် ဆောင်ရွက်နိုင်စေရန် ကုမ္ပဏီ အနေဖြင့် အာဟာရ ဖြည့်စွက်စာများအား ယခုကဲ့သို့ လှူဒါန်းရခြင်း ဖြစ်ကြောင်း ၊ ရွှေသံလွင်မီဒီယာကုမ္ပဏီလိမိတတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဌာန ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချစ်သန်းဝင်းက ပြောကြားခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ဆေးရုံများ ၊ ခရိုင် ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနများ ၊ ကုသရေးဌာနများ ၊ အမျိုးသား ဓာတ်ခွဲဌာန နှင့် တပ်မတော်ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေသော ဆရာဝန် ၊ သူနာပြု နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် နွားနို့ပိဿာ ၁,၂၀၀ ၊ ကြက်ဥအလုံး ၁၂,၀၀၀ နှင့် ဌက်ပျောသီး အလုံး ၁၂,၀၀၀ တို့ကို ၂၂ ရက်တိုင် နေ့စဉ် လှူဒါန်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)