Connect with us

MYANMAR

COVID-19 ရောဂါပိုးရှိသူ ၂၃ ဦးမြောက် လူနာ ထပ်မံ စစ်ဆေးတွေ့ရှိ ၊ လူနာနှစ်ဦးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ 

ရန်ကုန်မြို့၌ ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးမှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးအား ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ရောဂါပိုး တွေ့ရှိမှုစတင် ထုတ်ပြန် ကြေညာခဲ့သည့် မတ် ၂၃ ရက်မှ ယနေ့ထိ စုစုပေါင်း လူနာ အရေအတွက် ၂၃ ဦးထိ ရှိလာခဲ့ကာ ၎င်းတို့အနက် နှစ်ဦးမှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

ယခု ဓာတ်ခွဲအတည်ပြုလူနာ (Case–23) သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ် ကျေးရွာတွင် နေထိုင်သည့် အသက် (၅၈)နှစ်အရွယ် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ (Case–01)၏ မိခင်ဖြစ်ကာ အဆိုပါ လူနာနှင့် အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှ မတ် ၁၃ ရက်မှစတင် ထွက်ခွာခဲ့ပြီး ကာတာနိုင်ငံ၊ ဒိုဟာမြို့မှတစ်ဆင့် မတ် ၁၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ မတ် ၁၅ ရက်တွင် ထွက်ခွာရောက်ရှိခဲ့ပြီး မတ် ၁၇ ရက်တွင် က‌လေးမြို့မှ တီးတိန်မြို့သို့ လည်းကောင်း၊ မတ် ၁၈ ရက်တွင် ကပ်တဲလ်ကျေးရွာသို့ လည်းကောင်း ရောက်ရှိခဲ့ကြောင်း ၊ (Case-001)သည် မတ် ၁၉ ရက်တွင် စတင်ဖျားနာခဲ့သဖြင့် အိမ်တွင် စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်စဉ် (Case-23)အားလည်း အလားတူအိမ်၌ပင် စောင့်ကြပ် ကြည့်ရှုခြင်း ဆောင်ရွက်ခဲ့ကြောင်း ၊ (Case-01)အား ဓာတ်ခွဲအတည်ပြုပြီးချိန်တွင် အဆိုပါ အမျိုးသမီးအား ရွာအတွင်းရှိ သီးသန့်အိမ်တစ်လုံးတွင် သီးခြားခွဲခြား စောင့်ကြပ်ကြည့်ရှုလျက် ထားရှိခဲ့ကြောင်း သိရသည်။

စောင့်ကြပ်ကြည့်ရှုခြင်း ပြီးမြောက်ခါနီးဖြစ်၍ ဧပြီ ၇ ရက်တွင် ဓာတ်ခွဲ နမူနာရယူ၍ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ၊ ယနေ့အထိ အဆိုပါ အမျိုးသမီးတွင် သံသယ ရောဂါလက္ခဏာ တစ်စုံတစ်ရာ တွေ့ရှိရခြင်းမရှိဘဲ အဆိုပါ လူနာအား တီးတိန်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သော ကုသမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

သို့ဖြစ်ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၁)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၅)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ စုစုပေါင်း (၁၇)ဦးတို့ ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကန်တော်နဒီဆေးရုံကြီးတွင် မတ် ၂၅ ရက်မှစတင်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော အမေရိကန်နိုင်ငံသားခံယူထားသည့်  မြန်မာလူမျိုး ဓာတ်ခွဲအတည်ပြုလူနာ (Case- 004) ၏ ဓာတ်ခွဲနမူနာအား ဧပြီ ၂ ရက် နှင့် ဧပြီ ၄ ရက်တို့တွင် ထပ်မံစစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် COVID-19 ရောဂါပိုး မတွေ့ရှိရသည့်အပြင်  ၎င်း၏ လက်ရှိကျန်းမာရေး အခြေအနေမှာလည်း ကောင်းမွန်လျက်ရှိသဖြင့် ဧပြီ ၈ ရက် ညနေပိုင်းမှစ၍  သီးခြားထားရှိကုသဆောင်မှ ရွှေ့ပြောင်းကာ အဆိုပါ  ဆေးရုံကြီး၌ အသွားအလာ ကန့်သတ်၍ စောင့်ကြည့် (Hospital Quarantine) လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၃) ဦး တွေ့ရှိလာခဲ့ရပြီဖြစ်ပြီး ၎င်းလူနာများအနက် (၂)ဦးတွင် ဓာတ်ခွဲစစ်ဆေးချက်အရ COVID-19 ရောဂါပိုး မတွေ့ရှိရတော့ဘဲ ကျန်းမာရေးပြန်လည်ကောင်းမွန် လာပြီဖြစ်သဖြင့် ၎င်းတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် သီးခြားထားရှိကုသမှု (Isolation) မှ ဧပြီ ၈ ရက် ညနေပိုင်းမှစ၍ (Case – 004) အား ဆေးရုံတွင်လည်းကောင်း၊ (Case – 007) အား ဟိုတယ်တွင်လည်းကောင်း အသွားအလာကန့်သတ်ခြင်း/ တားမြစ်ခြင်း (Quarantine) ဆောင်ရွက် ထားရှိပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)