Connect with us

MYANMAR

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ  ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလ မေလ ၁၅ ရက်အထိ  ထပ်မံတိုးမြှင့် 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက ပြည်ပသို့ ထွက်ခွာမည့် ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ  ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို မေလ ၁၅ ရက် ၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL)ထံမှ သိရသည်။ 

မြန်မာနိုင်ငံ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ ရပ်ဆိုင်းခြင်းကာလအား ထိုကဲ့သို့ ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်ပြီး လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို မေလ ၁၅ ရက်၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံတိုးချဲ့ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း ဧပြီလ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း YACL က ဆိုသည်။ 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို မတ်လ ၃၀ ရက် မှ စတင်၍ ဧပြီလ ၁၃ ရက်အထိ ယာယီရပ်ဆိုင်းထားခဲ့ပြီးနောက် အဆိုပါ ယာယီရပ်ဆိုင်းချက်အား ဧပြီလ ၃၀ ရက် ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့ရာ ယခုအခါတွင် မေ ၁၅ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၏ အဓိကလေကြောင်းဝင်ထွက်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ယခု ၂၀၂၀ ခုနှစ် ၊ ပထမသုံးလတာကာလအတွင်း လေဆိပ်အသုံးပြုသူ ခရီးသည်ပေါင်း ၁.၄၆ သန်း ကို လက်ခံ၀န်ဆောင်မှုပေးခဲ့ကြောင်း ၊  ကူးစက်မြန်ကပ်ရောဂါ COVID-19 ကြောင့် ကမ္ဘာလှည့်ခရီးသွားလာခွင့်ကန့်သတ်ချက်များနှင့်အတူ ကမ္ဘာ့လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စိန်ခေါ်မှုများ ရင်ဆိုင်နေရသောကြောင့် ယမန်နှစ်ကာလတူ နှင့် နှိုင်းယှဉ်ပါက ၁၇ ဒသမ ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း YACL က ယနေ့ ထုတ်ပြန်ထားသည်။ (Xinhua)