Connect with us

MYANMAR

COVID-19 ရောဂါနှင့် ပတ်သက်ပြီး ချမှတ်ထားသော စည်းကမ်းများအား သုံးပတ်လောက်ခန့် လိုက်နာလျှင် ရောဂါကူးစက်မှုအား ထိန်းချုပ်နိုင်မည့်အခြေအနေရောက်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းပြောကြားစဉ်( ဓာတ်ပုံ-အတိုင်ပင်ခံရုံး)

 

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

COVID-19 ရောဂါနှင့် ပတ်သက်ပြီး ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား တင်းတင်းကျပ်ကျပ်ဖြင့် နှစ်ပတ်၊ သုံးပတ်ခန့် လိုက်နာလိုက်လျှင် ရောဂါကူးစက်မှုအား ထိန်းချုပ်နိုင်မည့် အခြေအနေကို ရောက်ရှိနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

” စည်းဆိုတာ နံပါတ်(၁)က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲဖြစ်ပါတယ်။ နောက်ပြီးတော့ အပြင်ကလူတွေကိုလည်း ကာကွယ်ဖို့ ဖြစ်ပါတယ်။ ကိုယ်စည်းမျဉ်း စည်းကမ်းကို လိုက်နာခြင်းအားဖြင့် ပထမဦးဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာ ရောက်ပါလိမ့်မယ်” ဟု နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။ရန်ကုန်တိုင်းတွင် ပြန့်ပွားမှုသည် ယခင် မတ်လ၊ ဧပြီလက ပြန့်ပွားမှုနှင့်နှိုင်းယှဉ်ပါက များစွာ ပို၍ မြန်နေပြီး မြန်ရုံတင် မကဘဲ ယခုနောက်ပိုင်းတွင် ကွယ်လွန်အနိစ္စရောက်သည့် သူများလည်း ယခင်နှင့်နှိုင်းယှဉ်ပါက မြန်လာကြောင်း ၎င်းကပြောသည်။

” အခု ကိုဗစ်ရောဂါဟာဆိုရင် ဩဂုတ်လဝက် လောက်ကနေ စပြီးတော့ တစ်ကျော့ပြန်ပြီး ထလာတယ်လို့ ပြောလို့ရပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်းမှာ အထူးပြန့်ပွားနေပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မ အခုပြောတဲ့အချိန်မှာ ရန်ကုန်က ပြည်သူပြည်သားတွေကို အဓိကထားပြီး ကျွန်မပြောသွားမှာပါ။ ရခိုင်မှာ စစ်တွေဘက်ကနေစတဲ့ ရောဂါကို အခုအတော်အတန် ထိန်းနိုင်ပြီလို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ် သတ်မှတ်ပြီးတော့ ပြည်သူလူထုက လိုက်နာလို့ ဖြစ်ပါတယ်”ဟု  နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

လူစုလူဝေးမဖြစ် စေရန် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရာတွင် ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းကို ထိခိုက်သည်ကို သတိထားမိကြောင်း၊ ထို့ကြောင့်လည်း အစိုးရအနေဖြင့် တတ်နိုင်သမျှ ထိခိုက်သည့် ပြည်သူများကို ပံ့ပိုး နိုင်ရန် စီစဉ်ကြောင်း ၎င်းကဆိုသည်။

“ခရီးသွားလာတာနဲ့ ပတ်သက်လို့ ပထမဦးဆုံး ရခိုင်မှာ ရောဂါ ပြန့်ပွားနေပြီ၊ စစ်တွေမှာ တော်တော်များများတွေ့ပြီဆိုတာ သိတဲ့အခါမှာ ရခိုင်ဘက်ကနေပြီးတော့ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ခရီးမထွက်ဖို့ဆိုပြီး ပိတ်ပင်လိုက်ပါတယ်။ ပိတ်ပင်လိုက်တဲ့အခါ ရခိုင်ပြည်နယ်က ကျွန်မတို့ ပြည်သူတွေက ထွက်ချင်ကြတယ်။ ကျွန်မတို့က ထွက်ခွင့်မပေးဘူး။ အဲဒီတုန်းက ကျွန်မရှင်းပြပါတယ်။ ကျွန်မတို့ရဲ့ ရခိုင်က ပြည်သူတွေကို အငြိုးအတေးနဲ့လည်း မဟုတ်ပါဘူး။ ဒီလို ပြန့်သွားရင် အားလုံးအတွက်အန္တရာယ်ရှိတဲ့အပြင် တစ်တိုင်းပြည်လုံးမှာ ပြဿနာဖြစ်နေရင် ရခိုင်ပြည်နယ်အတွက်လည်း ဦးစားပေးပြီး သတ်သတ်မှတ်မှတ်လုပ်ပေးဖို့ ပိုပြီးတော့ ခက်ပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက် ပြောကြားခဲ့သည်။(Xinhua)