Connect with us

MYANMAR

တရုတ်နိုင်ငံအစိုးရမှ COVID-19 ရောဂါတိုက်ဖျက်ရေး ဆိုင်ရာ ဒုတိယ အသုတ် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ မြန်မာနိုင်ငံ အစိုးရထံသို့ ပေးပို့လှူဒါန်း 

တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့သော ဒုတိယ အသုတ် ဆေးဘက်ဆိုင်ရာ ပစ္စည်းများအား လွှဲပြောင်း ပေးအပ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ COVID-19 ရောဂါတိုက်ဖျက်ရေး အတွက် နှာခေါင်းစည်း(Mask)များ ၊ အကာအကွယ်ဝတ်စုံများ နှင့် စမ်းသပ်ကိရိယာများ ပေးပို့လှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိရာ ဒုတိယ အသုတ် ဆေးပစ္စည်း ကိရိယာများအား မတ် ၂၆ ရက် ညသန်းခေါင်အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံ ရောက်ရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့သော COVID-19 ရောဂါတိုက်ဖျက်ရေး ဆိုင်ရာ ဒုတိယ အသုတ် ဆေးဘက်ဆိုင်ရာ ပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့သော ဒုတိယ အသုတ် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့သော ဒုတိယ အသုတ် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က “မြန်မာနိုင်ငံ အစိုးရက COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကို အရမ်း အလေးထားပါတယ်။ ထိရောက်တဲ့ မူဝါဒတွေကိုလည်း အများကြီး ကျင့်သုံးနေပါပြီ။ ယခင် တရုတ်နိုင်ငံက COVID-19 ရောဂါ ပြင်းထန်တဲ့အချိန်မှာလည်း မြန်မာအစိုးရ ၊ မြန်မာလူ့ဘောင်အဖွဲ့အစည်း နယ်ပယ် အသီးသီးမှလည်း ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ပေးပါတယ်။ယခုမှာလည်း မြန်မာနိုင်ငံမှာ COVID-19 တွေ့ရှိနေပြီးတော့ တရုတ်နိုင်ငံကလည်း အားသွန်ခွန်စိုက် ကူညီထောက်ပံ့ပေးမယ်။ ယင်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း အဓိပ္ပါယ်နဲ့ ကိုက်ညီပါတယ်။ အပြန်အလှန် ကူညီပေးမယ်။ အပြန်အလှန် ထောက်ခံမယ်။အဲဒီ အသိုက်အဝန်း အဓိပ္ပါယ်နဲ့ ကိုက်ညီပါတယ်။”ဟု ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးအပ်သည့် ယခုအကြိမ် ဆေးပစ္စည်းကိရိယာများတွင် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၅၀၀၀ ၊ N95 နှာခေါင်းစည်း ၅၀၀၀ နှင့် တစ်ခါသုံးနှာခေါင်းစည်း ၂ သိန်းတို့ပါဝင်ပြီး စုစုပေါင်း တန်ချိန် ၂.၄၅ တန်ရှိကြောင်း နှင့် ယခုအကြိမ်မတိုင်မီ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲစစ်ဆေးရေးကိရိယာ ၂၀၀၀ ကျော်နှင့် နှာခေါင်းစည်း စသည့်ဆေးပစ္စည်း ကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက “ဒီလိုအလွန်အရေးကြီးတဲ့ အချိန်မှာ ဆရာတို့ တိုင်းပြည်အတွက် ၊ ပြည်သူပြည်သားတွေ အတွက် ၊ ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းများ အားလုံး အတွက်ကို လုံခြုံဖို့ အတွက် ကာကွယ်တဲ့ စက်ပစ္စည်း ၊ ကာကွယ်တဲ့ နှာခေါင်းစည်း ၊ ခေါင်းစွပ်တွေ ၊ Mask တွေ ၊ ဝတ်ရုံတွေ ၊ လက်အိတ်တွေ ဒါတွေ အားလုံးကို လှူပြီးတော့ ရောဂါကို ရှာတဲ့အခါမှာ အလွန် အရေးကြီးတဲ့ Test Kit တွေ ဒါတွေ အားလုံး လှူနေတာကြောင့် ဆရာတို့ တိုင်းပြည် အတွက် အလွန်အရေးကြီးတဲ့ အချိန်မှာ အခုလို အိမ်နီးချင်းကောင်း ပီသစွာ တရုတ်နိုင်ငံက အခုလိုမျိုး လှူပေးတဲ့ အတွက် အလွန်ပဲ ကျေးဇူးတင်တယ် ဆိုတာကို ပြောကြားချင်ပါတယ်။”ဟု ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ လက်တွေ့အခက်အခဲများနှင့် လိုအပ်ချက်များကို ပေါင်းစပ်သုံးသပ်၍ မြန်မာနိုင်ငံသို့ အပူချိန်တိုင်းကိရိယာ စသည့်ဆေးပစ္စည်းကိရိယာများ ပို့ဆောင်သွားရန် စီစဉ်လျက်ရှိပြီး မကြာမီတွင် လွှဲပြောင်း ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)