Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၅ ဦးအနက် ၄ ဦး၏ ရောဂါအခြေအနေမှာ ကောင်းမွန် ၊ ၁ ဦးအား အထူးကြပ်မတ်ဆောင်တွင် ကုသလျက်ရှိ 

နှာခေါင်းစည်းနှင့် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၅ ဦးအနက် ၄ ဦး၏ ရောဂါအခြေအနေမှာ ကောင်းမွန် ၊ ၁ ဦးအား အထူးကြပ်မတ်ဆောင်တွင် ကုသလျက်ရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ယနေ့ည ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါလူနာ  (၅) ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၂) ဦးနှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် ကုသမှုခံယူလျက်ရှိ သော စုစုပေါင်း လူနာ(၄) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက် ရှိကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ခွဲအတည်ပြုလူနာ (၁) ဦးအားယနေ့နံနက်ပိုင်းတွင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုခံယူစေခဲ့ပြီး အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ၍ ဆေးကုသမှုပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လ၂၆ ရက်နေ့၊ ညနေ (၆) နာရီမှ မတ်လ ၂၇ ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၇) ဦး ရှိကြောင်း သိရသည်။

ယနေ့ မတ်လ ၂၇  ရက်နေ့၊ ည (၈) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၆၈) ဉီးအား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)