Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူ နှစ်ဦး ထပ်မံတွေ့ရှိ ၊ ရောဂါပိုးရှိသူ စုစုပေါင်း ငါးဦးထိ ရှိလာ 

ရန်ကုန်မြို့၌ ကိုယ်ပူချိန် စစ်ဆေး တိုင်းတာမှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူ နှစ်ဦးအား ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ မတ် ၂၇ ရက် နံနက် ၁ နာရီ ၊ ၄၅ မိနစ်အချိန်တွင် ထုတ်ပြန်ခဲ့ပြီး COVI-19 ရောဂါပိုးရှိသူ အရေအတွက်မှာ စုစုပေါင်း ငါးဦးထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့သည့် လူနာ နှစ်ဦးမှာ  မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား ခံယူ ထားသော မြန်မာလူမျိုး အသက် (၃၃) နှစ်ရွယ်ရှိ အမျိုးသားတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ်ရှိ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား ခံယူ ထားသော မြန်မာလူမျိုး၊ အသက် (၃၃) နှစ်ရွယ် အမျိုးသားတစ်ဦးသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ မတ် ၁၉ ရက်တွင် ပြန်လည် ရောက်ရှိခဲ့ပြီး မတ် ၂၂ ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာ များ ခံစားခဲ့ရသဖြင့် မတ် ၂၅ ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမှုပေးလျက်ရှိကြောင်း ၊ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ မတ် ၂၆ ရက်တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါလူနာသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ မတ် ၁၉ ရက် ၊ ညနေ (၆) နာရီတွင် Qatar Airline ဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင် တစ်ည အိပ်နေထိုင်ခဲ့ကြောင်း မတ် ၂၀ ရက် ၊ ည(၁၀)နာရီတွင် ရန်ကုန်မြို့မှ မန္တလေး မြို့သို့ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည် မြို့နယ်ရှိနေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ (၄) ရက်ခန့် နေထိုင်ခဲ့ပြီးနောက် မတ် ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်း ၊ မတ် ၁၈ ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ် ၂၅ ရက်မှစတင်၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တွင် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ၍ အထူးကြပ်မတ်ခန်း (ICU) တွင် ကုသမှုပေးလျက်ရှိကြောင်း ၊ အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာအား ရယူခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ခဲ့ရာ မတ် ၂၆ ရက်တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲ အဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း ၊ အဆိုပါဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထု အနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ထို့အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါ လူနာများထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ဆက်လက်ပေးပို့၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲ  စစ်ဆေးချက်များအရ ပထမဆုံး အကြိမ် အဖြစ် မတ် ၂၃ ရက်တွင် ရောဂါပိုး ရှိသူ လူနာ နှစ်ဦးအား စစ်ဆေးတွေ့ရှိခဲ့ပြီး မတ် ၂၅ ရက်တွင် တစ်ဦး ထပ်မံ တွေ့ရှိခဲ့ရာ ယခုအခါ နှစ်ဦးထံတွင် ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် စုစုပေါင်း ၅ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။  (Xinhua)