Connect with us

MYANMAR

COVID-19 ရောဂါကာကွယ်ရန် ပြည်ထဲရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ တရုတ်ကုမ္ပဏီများက နှာခေါင်းစည်းများ လှူဒါန်းပေးအပ်

Hytera Communications Corp. Ltd(Myanmar) က လှူဒါန်းသော ပစ္စည်းများနှင့် တာဝန်ရှိသူများအား တွေ့ရစဉ်(ဓာတ်ပုံ - chinese embassy)

ရန်ကုန် ၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

COVID-19 ရောဂါကာကွယ်ရန် မြန်မာနိုင်ငံရှိ တရုတ် ကုမ္ပဏီ နှစ်ခု ဖြစ်သည့် Hytera Communications Corp. Ltd(Myanmar) နှင့် China State Construction Engineering Corporation CSCEC Myanmar ကုမ္ပဏီတို့က မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ထံ နှာခေါင်းစည်း(Medical Mask) အခုရေ ၁၅,၀၀၀ အား ယနေ့ ဧပြီ ၇ ရက်တွင် ရန်ကုန်မြို့၌ လှူဒါန်း ပေးအပ်ခဲ့ကြောင်းသိရသည်။ 

အဆိုပါ နှာခေါင်းစည်း(Medical Mask) အခုရေ ၁၅,၀၀၀ အနက် Hytera Communications Corp. Ltd(Myanmar) က မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနသို့အခုရေ ၁၀,၀၀၀ နှင့် China State Construction Engineering Corporation CSCEC Myanmar ကုမ္ပဏီက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)သို့ အခုရေ ၅,၀၀၀ အသီးသီး လှူဒါန်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

CSCEC Myanmar ကုမ္ပဏီမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံသို့ နှာခေါင်းစည်းများ လှူဒါန်းမှု မြင်ကွင်း(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး စီးပွားရေး သံမှူး Tan Shufu က ပြီးခဲ့သည့် နှစ်လ မတိုင်မီမြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း ၊ ယခုအခါမြန်မာနိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာ တစ်ချို့ တွေ့ရှိခဲ့ရပြီးနောက် တရုတ်ကုမ္မဏီများက မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေး အတွက် လာရောက် တစ်ဖန် ပြန်လည် ထောက်ပံ့ကူညီခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့ နှစ်နိုင်ငံက COVID-19 ကို အတူတူ ပူးပေါင်းတိုက်ဖျက်နေပြီး မြန်မာနိုင်ငံလည်း စောနိုင်သမျှ စောစော အောင်မြင်မှုဆွတ်ခူးနိုင်ပါစေလို့မျှော်လင့်ပါတယ်။ အရင်က ကျွန်တော်တို့(တရုတ်နိုင်ငံ)ကိုမြန်မာနိုင်ငံက ကူညီခဲ့တယ်။ အခု ကျွန်တော်တို့က မြန်မာနိုင်ငံကို ပြန်ကူညီတာပါ။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

ပြည်ထဲရေး ဝန်ကြီးဌာနသို့ တရုတ်ကုမ္ပဏီ Hytera Communications Corp. Ltd(Myanmar) က လှူဒါန်းသော နှာခေါင်းစည်း(Medical Mask)များကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်က လက်ခံရယူခဲ့ပြီး ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)ထံသို့ China State Construction Engineering Corporation CSCEC Myanmar ကုမ္ပဏီက နှာခေါင်းစည်း(Medical Mask)များ လှူဒါန်းပေးအပ်ခဲ့ရာ MIC အတွင်းရေးမှူး ဦးသန့်စင်လွင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)