Connect with us

WORLD

ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးအစီအစဉ်တွင်နိုင်ငံနှင့်ဒေသပေါင်း၁၇၂ပါဝင်၊ပလာစမာကုထုံးကိုအရေးပေါ် အသုံးပြုရန်အမေရိကန်ခွင့်ပြု

အမေရိကန်နိုင်ငံနယူးယောက်မြို့၏မြင်ကွင်းတစ်နေရာအားဩဂုတ်၁၉ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ဩဂုတ်၂၅ရက်(ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးအစီအစဉ်တွင်နိုင်ငံနှင့်ဒေသပေါင်း၁၇၂ခုပါဝင်ပြီဖြစ်ကြောင်းနှင့်အမေရိကန်တွင်ပလာစမာကုထုံးကိုအရေးပေါ်အသုံးပြုရန်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းဩဂုတ်၂၄ရက်ကမ္ဘာ့ကပ်ရောဂါအခြေအနေဆိုင်ရာသတင်းအချက်အလက်များအရသိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာကိန်းဂဏန်းအချက်အလက်များ

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ဩဂုတ်၂၄ရက်ဗဟိုဥရောပစံတော်ချိန်(CET)  ၁၄နာရီ၂၂မိနစ်အထိကိန်းဂဏန်းများအရကမ္ဘာတစ်ဝန်းCOVID-19ရောဂါအတည်ပြုလူနာအရေအတွက်သည်ပြီးခဲ့သောရက်ကထက်၂၅၃,၉၆၃ဦးတိုးမြင့်လာပြီးအသစ်ထပ်တိုးသေဆုံးသူ၅,၅၀၁ဦးရှိရာစုစုပေါင်းအတည်ပြုလူနာ၂၃,၃၁၁,၇၁၉ဦးနှင့်စုစုပေါင်းသေဆုံးသူ၈၀၆,၄၁၀ဦးအသီးသီးရှိလာကြောင်းသိရသည်။  

 အမေရိကန်နိုင်ငံဂျွန်ဟော့ကင်းတက္ကသိုလ်၏ပေကျင်းစံတော်ချိန်ဩဂုတ်၂၅ရက်၆နာရီတွင်ထုတ်ပြန်သည့်ကိန်းဂဏန်းအချက်အလက်များအရကမ္ဘာတစ်ဝန်းCOVID-19ရောဂါဖြစ်ပွားသူစုစုပေါင်း၂၃,၅၃၁,၂၇၃ဦး၊  စုစုပေါင်းသေဆုံးသူ၈၁၀,၃၄၀ဦးရှိပြီဖြစ်ကြောင်းသိရသည်။အမေရိကန်နိုင်ငံသည်တစ်ကမ္ဘာလုံးတွင်ကပ်ရောဂါအခြေအနေအဆိုးဝါးဆုံးနိုင်ငံဖြစ်ပြီးအတည်ပြုလူနာ၅,၇၃၅,၇၇၁ဦးနှင့်သေဆုံးသူ၁၇၇,၁၇၉ဦးရှိကြောင်းသိရသည်။

 

အမေရိကန်နိုင်ငံဝါရှင်တန်မြို့၏မြင်ကွင်းတစ်နေရာအားဩဂုတ်၂၃ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

 (၂)သတင်းအချက်အလက်စုစည်းချက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ဦးဆောင်သည့်COVAX ကမ္ဘာလုံးဆိုင်ရာCOVID-19ကာကွယ်ရေးအစီအစဉ်တွင်လက်ရှိပါဝင်သည့်နိုင်ငံနှင့်ဒေသပေါင်း၁၇၂ခုရှိပြီဖြစ်ရာ၂၀၂၁ခုနှစ်နှစ်ကုန်ပိုင်းမတိုင်မီတစ်ကမ္ဘာလုံးအတိုင်းအတာအရလုံခြုံထိရောက်သည့်ကိုဗစ်ကာကွယ်ဆေး၂ဘီလီယံပံ့ပိုးနိုင်ရန်ရည်ရွယ်ကြောင်းWHO ညွှန်ကြားရေးမှူးချုပ်တက်ဒရော့စ်ကဩဂုတ်၂၄ရက်တွင်ပြောကြားခဲ့သည်။

 ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူချုပ်၏ဆီးရီးယားအရေးတိုင်ရာအထူးသံတမန်ရုံးကဩဂုတ်၂၄ရက်ညနေပိုင်းထုတ်ပြန်ချက်တွင်ဂျီနီဗာမြို့၌ကျင်းပသောဆီးရီးယားဖွဲ့စည်းပုံအခြေခံဥပဒေရေးရာအဖွဲ့ဆွေးနွေးပွဲသို့လာရောက်သည့်ဆီးရီးယားကိုယ်စား၃ဦးတွင်COVID-19ဆေးစစ်မှုpositive ဖြစ်နေသောကြောင့်ယင်းနေ့တွင်ကျင်းပမည့်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကိုခေတ္တရပ်နားခဲ့ရကြောင်းသိရသည်။

အမေရိကန်နိုင်ငံဝါရှင်တန်မြို့၏မြင်ကွင်းတစ်နေရာအားဩဂုတ်၂၃ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

 အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ဩဂုတ်၂၃ရက်တွင်ထုတ်ပြန်သည့်အရေးပေါ်အသုံးပြုခွင့်ကြေညာချက်တွင်အမေရိကန်နိုင်ငံဆေးကုသရေးဌာနများအနေဖြင့်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်ပြန်လည်ကျန်းမာလာသူတို့၏သွေးရည်ကြည်ပလာစမာ(plasma)ဖြင့်ဆေးရုံများတွင်တက်ရောက်ကုသမှုခံယူနေသောကိုဗစ်လူနာများကိုကုသရန်ခွင့်ပြုလိုက်ကြောင်းသိရသည်။ပြန်လည်ကျန်းမာလာသောကိုဗစ်လူနာများ၏ပလာစမာသည်ဆေးရုံတင်လူနာများ၏ရောဂါအခြေအနေကိုသက်သာစေနိုင်ခြင်းသို့မဟုတ်ရောဂါကုသသည့်အချိန်ကိုတိုတောင်းစေနိုင်ကြောင်းFDAကယူဆသည်။ပလာစမာကုထုံး (Plasma therapy)တွင်သိရှိထားသောအကျိုးဖြစ်ထွန်းနိုင်ခြေသည်သိရှိထားပြီဖြစ်သောအန္တရာယ်ဖြစ်နိုင်ခြေထက်များကြောင်းဆိုသည်။

နယူးဇီလန်နိုင်ငံတွင်လာမည့်အပတ်တနင်္လာနေ့မှစ၍အများသုံးဘတ်စ်ကားစီးသူများအနေဖြင့်ပါးစပ်နှာခေါင်းစည်းတပ်ရမည်ဖြစ်ကြောင်းနယူးဇီလန်နိုင်ငံအစိုးရကဩဂုတ်၂၄ရက်တွင်ကြေညာခဲ့သည်။၎င်းမှာCOVID-19ရောဂါဖြစ်ပွားသည့်အချိန်ကာလတွင်ပထမဆုံးအကြိမ်အဖြစ်အများပြည်သူသွားလာရာနေရာတွင်နှာခေါင်းစည်းမဖြစ်မနေတပ်စဉ်ရန်နယူးဇီလန်အစိုးရကအမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့်အပတ်တွင်အာဖရိကတိုက်၏နေ့စဉ်အသစ်ထပ်တိုးလူနာအရေအတွက်သည်ပျမ်းမျှအားဖြင့်၁၀,၃၄၄ဦးရှိပြီးထိုမတိုင်မီအပတ်တွင်နေ့စဉ်ပျမ်းမျှ၁၁,၄၉၄ဦးရှိကြောင်း၊၎င်းမှာအာဖရိကတိုက်တွင်အသစ်ထပ်တိုးလူနာအရေအတွက်လျော့ကျလာခြင်းဖြစ်ရာအာဖရိကတိုက်၏ကပ်ရောဂါထိန်းချုပ်ရေးအတွက်မျှော်လင့်ချက်အချို့ပင်ဖြစ်ကြောင်းအာဖရိကရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာညွှန်ကြားရေးမှူးJohn Nkengasong ကဩဂုတ်၂၃ရက်တွင်ပြောကြားခဲ့သည်။ (Xinhua)