Connect with us

WORLD

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ ကုတင် ၅၀၀ ဆံ့ COVID-19 ယာယီဆေးရုံ ၂ ရုံ တည်ဆောက် 

အိန္ဒိယနိုင်ငံPatna မြို့တွင် COVID-19 လူနာတစ်ဦးအား ကျန်းမာရေးဝန်ထမ်းများက သယ်ဆောင်လာသည်ကို ဇူလိုင် ၂၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ကုတင် ၅၀၀ ဆံ့ ယာယီဆေးရုံကြီး နှစ်ရုံကို အရေးပေါ်တည်ဆောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံး(PMO) က ဩဂုတ် ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ပြည်နယ်အတွင်း COVID-19 ရောဂါ လူနာများအား စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်၍ ယာယီဆေးရုံကြီးများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း PMO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဘီဟာပြည်နယ်သည် အိန္ဒိယနိုင်ငံ၌ အဌမမြောက် COVID-19 ရောဂါ အဆိုးရွားဆုံးခံစားနေရသည့် ပြည်နယ်တစ်ခုဖြစ်ပြီး သေဆုံးသူ ၅၁၁ ဦး အပါအဝင် အတည်ပြုလူနာပေါင်း ၁၂၁,၉၄၇ ဦး ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ဖွင့်လှစ်ထားသော COVID-19 ယာယီဆေးရုံအား ဇွန် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

“ကာကွယ်ရေး သုတေသန နဲ့ ဖွံ့ဖြိုးရေးအဖွဲ့(DRDO) ကနေပြီး ဝန်ကြီးချုပ်- ရံပုံငွေ နဲ့ ဘီဟာပြည်နယ် Patna မှာ ကုတင် ၅၀၀ ဆံ့ COVID-19 ယာယီဆေးရုံတွေ ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ် ၊ ဒါဟာ ဘီဟာပြည်နယ်ထဲမှာ COVID-19 ကုသရေးဆိုင်ရာ မြှင့်တင်ဖို့အတွက် လမ်းခရီးတစ်ခုလည်း ဖြစ်ပါလိမ့်မယ်” ဟု PMO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Patna မြို့တွင် တည်ဆောက်ထားသော ကုတင် ၅၀၀ ဆံ့ Bihta ဆေးရုံကို ဩဂုတ် ၂၄ ရက်တွင်စတင် အသုံးပြုခဲ့ပြီး အခြား ကုတင် ၅၀၀ ဆံ့ ဆေးရုံတစ်ခုဖြစ်သည့် Muzaffarpur ယာယီဆေးရုံကိုမူ မကြာမီကာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း PMO က ဆိုသည်။PMO က Bihta ယာယီ ဆေးရုံဓာတ်ပုံများကိုလည်း ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံ နယူးဒေလီဈေးကြီးတွင် နှာခေါင်းစည်းတပ်ဆင်သွားလာနေသူတစ်ဦးအား မတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

“ ဒီဆေးရုံထဲမှာ အသက်ရှူစက်တွေ တပ်ဆင်ထားတဲ့  အထူးကြပ်မတ်ကုသခန်း(ICU) ၁၂၅ ခုပါတယ် ၊ ပြီးတော့ ရိုးရိုးလူနာကုတင် ၃၅၅ လုံး ထည့်ထားတယ်၊ အဲဒီကုတင်တစ်လုံးစီမှာလည်း အောက်ဆီဂျင်ပိုက်သွယ်တန်းပေးထားတယ်၊ အိန္ဒိယစစ်တပ် ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့က ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု PMO က ဆိုသည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၏  ပြည်သူ့အကူအညီပေးရေး နှင့် အရေးပေါ်အခြေအနေကယ်ဆယ်ရေး ရံပုံငွေ(PM CARES Fund) ကို အိန္ဒိယနိုင်ငံ၌ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန် ပြီးခဲ့သော မတ်လတွင် စတင် ထူထောင်ခဲ့သည်။ အဆိုပါ ရံပုံငွေကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးဆိုင်ရာ ကယ်ဆယ်ရေး နှင့် ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း နှင့် အနာဂတ်တွင် အလားတူကပ်ရောဂါများကြုံတွေ့လာပါက ထပ်မံ အသုံးပြုသွားရန် ရည်ရွယ်ကြောင်း သိရသည်။(Xinhua)