Connect with us

WORLD

ကိုရိုနာဗိုင်းရပ်စ်သည် လူ့အရေပြားပေါ်တွင် ၉ နာရီကြာ အသက်ရှင်နိုင်ဟု သုတေသီများ တွေ့ရှိ ၊ ကူးစက်မှုအန္တရာယ် လျှော့ချရန် မကြာခဏလက်ဆေးဖို့ အထူးလိုအပ်

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ပုံရိပ်အား တွေ့ရစဉ်(ဓါတ်ပုံ - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဝဘ်ဆိုက်)

ပေကျင်း၊အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ်သည် လူ့ခန္ဓာကိုယ်အရေပြားပေါ်တွင် ၉ နာရီကြာအသက်ရှင်နိုင်ရာ ၎င်းအသက်ရှင်နိုင် သည့်ကြာချိန်မှာ သာမန်တုပ်ကွေးရောဂါပိုး၏ ၅ ဆဖြစ်သည်ဟု ဂျပန် သုတေသီများက တွေ့ရှိခဲ့သည်။

AFPသတင်းဌာန၏ အောက်တိုဘာ ၁၈ ရက် သတင်းများအရ အဆိုပါ နောက်ဆုံးရ သုတေသနရလဒ်များကို ယခုလထုတ် Clinical Infectious Diseasesဂျာနယ်တွင် ဖော်ပြထားကြောင်း သိရသည်။ ဂျပန်သုတေသီအဖွဲ့သည် သေဆုံးပြီးတစ်ရက်ကြာရှိနေသောရုပ်လောင်းမှ အရေပြားကို နမူနာယူ၍ စမ်းသပ်ခဲ့ရာတွင် သာမန် တုပ်ကွေးရောဂါပိုးသည် အရေပြားပေါ်၌ ၁ နာရီ ၄၈ မိနစ်ခန့် အသက်ရှင်နိုင်သော်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်မှာမူ ၉ နာရီကြာ အသက်ရှင်နိုင်သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“သာမန် တုပ်ကွေးရောဂါပိုး IAV((influenza A virus))နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် SARS-CoV-2 က လူ့ခန္ဓာကိုယ် အရေပြားပေါ်မှာ ၉ နာရီကြာ အသက်ရှင်နိုင်တယ်။ဒါဟာ ဗိုင်းရပ်စ်ရောဂါပိုး ထိတွေ့ကူးစက်မှုအန္တရာယ်ကို ထပ်တိုးနိုင်ရာ ထိုမှတစ်ဆင့် ရောဂါပြန့်ပွားမှုတွေကို ပိုဆိုးစေနိုင်ပါတယ်”ဟု သုတေသန အစီရင်ခံစာတွင် ဖော်ပြထားသည်။ “သို့သော်လည်း လက်ကို သန့်ရှင်းအောင် ထားမယ်ဆိုရင် ဒီအန္တရာယ်ကို လျှော့ချနိုင်ပါတယ်”ဟု ၎င်း အစီရင်ခံစက ဆိုသည်။

အကယ်၍ အရက်ပြန်ပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် ပိုးသတ်မည်ဆိုလျှင် ကိုရိုနာဗိုင်းရပ်စ်နှင့် သာမန်တုပ်ကွေးရောဂါပိုး နှစ်ခုလုံးသည် ၁၅ စက္ကန့်အတွင်း သေဆုံးသွားသည်ကို တွေ့ရှိရကြောင်း သိရသည်။အဆိုပါ သုတေသနရလဒ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ သက်ဆိုင်ရာလမ်းညွှန်ချက်ဖြစ်သည့် အချိန်အလိုက် လက်ကို စင်ကြယ်စွာ ဆေးကြောခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုအန္တရာယ်ကို လျှော့ချစေနိုင်သည့်ဟူသော အဆိုကို ပို၍ ခိုင်မာအားကောင်းစေခဲ့ကြောင်း AFPသတင်းဌာနက ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ကပ်ရောဂါဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအရ အောက်တိုဘာ ၁၈ ရက် ပေကျင်းစံတော်ချိန် နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်း ကိုဗစ်အတည်ပြုလူနာဦးရေသည် ပြီးခဲ့သည့်ရက်ကထက် ၃၉၂,၄၇၁ ဦး ထပ်တိုးလာပြီး စုစုပေါင်းအတည်ပြုလူနာ ၃၉ ဒသမ ၁၉၆ သန်း ၊ ထပ်တိုးသေဆုံးသူ ၆,၁၁၆ ဦးဖြင့် စုစုပေါင်း သေဆုံးသူ ၁ ဒသမ ၁ သန်း ရှိကြောင်း သိရသည်။ ၎င်းမှာ ကမ္ဘာတစ်ဝန်း နှစ်ရက် ဆက်တိုက် တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာဦးရေ စံချိန်တင်မြင့်တက်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)