Connect with us

WORLD

ဒုတိယမြောက် တရုတ်ဆေးပညာရှင်များအဖွဲ့ အီတလီနိုင်ငံတွင် ကူညီရေးလုပ်ငန်းစဉ်ပြီးနောက် ပြန်လည်ရောက်ရှိ

အီတလီနိုင်ငံ မီလန်မြို့သို့ မတ် ၁၈ ရက်က ရောက်ရှိလာသည့် တရုတ်နိုင်ငံ ဆေးပညာရှင်အဖွဲ့ ဒုတိယအသုတ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေးတွင် အကူအညီပေးနေသည့် တရုတ်နိုင်ငံ၏ ဆေးပညာရှင်များ ပါဝင်သည့် ဒုတိယမြောက်အဖွဲ့သည် ၎င်းတို့၏လုပ်ငန်းစဉ်ပြီးဆုံးပြီးနောက် နေရပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်မှ ဆေးပညာရှင် ၁၃ ဦးပါဝင်သည့် အဆိုပါအဖွဲ့သည် ကျဲ့ကျန်းပြည်နယ်၊ ဝမ်ကျိုးမြို့သို့ ဧပြီ ၂ ရက် မွန်းလွဲပိုင်းက ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဆေးပညာရှင်အဖွဲ့သည် ကျဲ့ကျန်းပြည်နယ်ကလှူဒါန်းသည့် ဆေးပစ္စည်း တန်ချိန် ၉ တန် တင်ဆောင်လာပြီး  ရှန်ဟိုင်းမှ အီတလီသို့ လေကြောင်းခရီးဖြင့် မတ် ၁၈ ရက်က သွားရောက်ခဲ့ခြင်းဖြစ်သည်။  

အီတလီနိုင်ငံရှိ ဆေးပညာရှင်များနှင့်အတူ ရောဂါဖြစ်ပွားမှုအများဆုံး လွန်ဘာဒီဒေသ၌ COVID-19 ထိန်းချုပ်ရေးနှင့်တားဆီးရေးတွင် ၁၅ ရက်ကြာ ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ပြင်  ရောဂါကူးစက်ခံနေရသည့် လူနာများကို ပြုစုကုသရေးအတွေ့အကြုံများကိုလည်း ဝေမျှခဲ့ကြသည်။

၎င်းတို့၏ ခရီးစဉ်အတွင်း အီတလီနိုင်ငံရှိ ပြည်ပရောက် တရုတ်လူမျိုးများအား အွန်လိုင်း အကြံပြုဆွေးနွေးမှုမှတစ်ဆင့် လမ်းညွှန်မှုများလည်းပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆေးပညာရှင်အဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏မိသားစုများနှင့် မတွေ့ဆုံမီ အထူးအသွားအလာကန့်သတ်၍ စောင့်ကြည့်စစ်ဆေးမှုခံယူရဦးမည် ဖြစ်သည်။  (Xinhua)