Connect with us

WORLD

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် အထူးကြပ်မတ်ကုသဆောင်၌ ဒုတိယည ဆက်လက် နေထိုင်ရကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ပြောကြား

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အထူးကြပ်မတ်ဆောင်မှတဆင့် video ရုပ်သံဖြင့် စကားပြောနေစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

COVID-19 ကူးစက်ခံထားရသော ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်သည် ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်၌ ဒုတိယမြောက်ည ကို ဆက်လက်ဖြတ်သန်းနေထိုင်ခဲ့ရကြောင်း နှင့် ၎င်း၏ အခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။

ရောဂါလက္ခဏာပိုမိုဆိုးရွားလာပြီးနောက် ဝန်ကြီးချုပ်အား ဧပြီ ၆ ရက် ညပိုင်းတွင် လန်ဒန်မြို့ရှိ စိန့်သောမတ်စ်ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် လက်ရှိတွင် အောက်ဆီဂျင်ရယူ နေရသော်လည်း အသက်ရှူစက်ကိရိယာကိုမူ အသုံးပြုရခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ ပြောရေးဆိုခွင့်ရှိသူက “ ဝန်ကြီးချုပ်၏ အခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း ၊ သူ့အား အထူးကြပ်မတ်ကုသဆောင်တွင် အနီးကပ် စောင့်ကြည့်ပေးနေကြောင်း နှင့် ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း” ဧပြီ ၇ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ထို့ပြင် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dominic Raab ကလည်း ဝန်ကြီးချုပ်ဂျွန်ဆင်အနေဖြင့် အကောင်းဆုံးဆေးဘက်ဆိုင်ရာ အဖွဲ့၏ အကောင်းဆုံး ပြုစုစောင့်ရှောက်မှုကို ခံယူနေကြောင်း နှင့် အထူးကြပ်မတ်ကုသဆောင်တွင် အသက်ရှူစက်အကူအညီမပါဘဲ ကောင်းစွာ အသက်ရှူနိုင်ကြောင်း ဧပြီ ၇ ရက်တွင်ပြောကြားခဲ့သည်။  

နိုင်ငံခြားရေးဝန်ကြီး Raab သည် လက်ရှိ ဗြိတိန်ဝန်ကြီးချုပ် ဆေးရုံတက်နေရပြီး တာဝန်မထမ်းဆောင်နိုင်ချိန်တွင် ဝန်ကြီးချုပ်၏ လုပ်ငန်းတာဝန်များကို ကိုယ်စား တာဝန်ယူ ဆောင်ရွက်ပေးနေရကြောင်း သိရသည်။

အသက် ၅၅ နှစ်အရွယ်ရှိ ဗြိတိန်ဝန်ကြီးချုပ်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ၁၀ ရက်အကြာ ရောဂါလက္ခဏာ ပိုမိုဆိုးရွားလာသဖြင့် ဧပြီ ၅ ရက် ညပိုင်းတွင် လန်ဒန်မြို့ရှိ စိန့်သောမတ်စ်ဆေးရုံသို့ တက်ရောက် ကုသမှုခံယူခဲ့ရခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၆,၁၅၉ ဦးထိရှိလာကြောင်း ၊ ဧပြီ ၇ ရက်တွင် သေဆုံးသူ ၇၈၆ ဦးဖြင့် အများဆုံး စံချိန်တင်ခဲ့ကြောင်း ဗြိတိန်နိုင်ငံ ကျန်းမာရေး နှင့် လူမှုစောင့်ရှောက်ရေး ဌာနက ပြောကြားခဲ့သည်။ 

လက်ရှိတွင် နိုင်ငံအတွင်း ရောဂါကူးစက်ခံထားရသူပေါင်း ၅၅,၂၄၂ ဦးရှိပြီး ဧပြီ ၆ ရက်နောက်ပိုင်း ၃,၆၃၄ ဦးအထိ တိုးလာခဲ့ကြောင်း သိရသည်။(Xinhua)