Connect with us

WORLD

မေ ၆ ရက်မှစ၍ လူမှုဘဝ ပုံမှန်ပြန်လည် လည်ပတ်ရင်း ရောဂါ ကာကွယ်ရေး လုပ်ငန်းများ တစ်ပြေးညီ လုပ်ဆောင်သွားမည်ဟု တောင်ကိုရီးယားနိုင်ငံ ကြေညာ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၏မြင်ကွင်းများအား မေ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ်၊ မေ ၄ ရက်(ဆင်ဟွာ) 

တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ် သောကြောင့် မေ ၆ ရက်မှစ၍ လူမှုဘဝပုံစံများကို ပုံမှန်ပြန်လည်လည်ပတ်သွားရင်း ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို တစ်ပြေးညီလုပ်ဆောင်သွားမည်ဖြစ်ကြောင်း   တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ် Chung Sye-kyun က မေ ၃ ရက်တွင် ကြေညာခဲ့သည်။

ပြည်တွင်းပြည်ပတွင် ကပ်ရောဂါအန္တရာယ်များရှိနေသော်လည်း တောင်ကိုးရီးယားနိုင်ငံ ပြည်တွင်းကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကွန်ရက်တွင် အခြေအနေကို ယေဘုယျအားဖြင့်ထိန်းချုပ်နိုင်ပြီဖြစ်ရာ ကျွမ်းကျင်ပညာရှင်၊ ဒေသခံအစိုးရနှင့် ပြည်သအများက လူမှုဘဝပုံစံများကို ပုံမှန်ပြန်လည်လည်ပတ်ရင်း ရောဂါကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်သည့် အနေအထားတွင်ရှိပြီဟု ယူဆထားကြောင်း Chung Sye-kyunက မေ ၃ ရက် ညနေပိုင်းတွင် ကျင်းပသည့် ဗဟိုကပ်ဘေးလုံခြုံရေးစီမံခန့်ခွဲမှုဆိုင်ရာဌာနချုပ်အစည်းအဝေး၌ ပြောကြားခဲ့သည်။ 

 တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၏မြင်ကွင်းများအား မေ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၏မြင်ကွင်းများအား မေ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၏မြင်ကွင်းများအား မေ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထိုသို့ဆောင်ရွက်ရာတွင် ကပ်ရောဂါကြောင့် ယာယီရပ်နားထားသည့် ဌာနများကို ကဏ္ဍအပိုင်းအခြားအလိုက် ပြန်လည်လည်ပတ်သွားမည်ဖြစ်ပြီး ရောဂါကာကွယ်ရေးသတ်မှတ်ချက်ကို လိုက်နာသည့် လူစုဝေးလှုပ်ရှားမှုများကို အခြေခံအားဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရေးနှင့်စပ်လျဉ်း၍ Chung Sye-kyunက  ကျောင်းသားကျောင်းသူများ စာသင်ကျောင်းများသို့ ပြန်လည်လာရောက်ရန် ကဏ္ဍခွဲဆောင်ရွက်သွားမည်ဖြစ်ပြီး ပြန်လည်လာရောက်နိုင်သည့်အချိန်နှင့် သင်ကြားပို့ချမည့် နည်းလမ်းများကို ပညာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဆိုသည်။ 

Chung Sye-kyunက   အကယ်၍ ကပ်ရောဂါအခြေအနေ ကာကွယ်ထိန်းချုပ်မှုသည် လက်ရှိ အခြေအနေအတိုင်း ဆက်လက်ထိန်းသိမ်းသွားနိုင်မည်ဆိုပါက ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ၊ ရောဂါစီမံခန့်ခွဲမှုဌာနချုပ်မှ ကူးစက်ရောဂါအန္တရာယ်သတိပေးအဆင့်သတ်မှတ်ချက်ကို လျှော့ချပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ  ၂၃ ရက်မှစ၍ တောင်ကိုရီးယားတွင် COVID-19ရောဂါ ကူးစက်မှုအန္တရာယ်သတိပေးသတ်မှတ်ချက်ကို အမြင့်ဆုံးအနေဖြင့် တောက်လျှောက်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဗဟိုကပ်ဘေးလုံခြုံရေးစီမံခန့်ခွဲမှုဆိုင်ရာဌာနချုပ်က မေ ၃ ရက်တွင် တစ်ကိုယ်ရေ ရောဂါကာကွယ်ရေးသတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ရာ အခြေခံလိုက်နာရမည့်သတ်မှတ်ချက် ၅ ရပ်နှင့် ထပ်ဆောင်းလိုက်နာရမည့်သတ်မှတ်ချက် ၄ ရပ်ပါဝင်ကြောင်း သိရသည်။ အခြေခံလိုက်နာရမည် သတ်မှတ်ချက်များတွင် လက်ကိုမကြာခဏဆေးကြောခြင်း၊တစ်နေ့ ၂ ကြိမ် လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ခြင်းနှင့် အချိန်ကာလအပိုင်းအခြားအလိုက် ပိုးသတ်ခြင်း၊ လူမှုဘဝတွင် ခပ်ခွာခွာနေခြင်း စသည်တို့ပါဝင်ပြီး ထပ်ဆောင်းလိုက်နာရမည့် သတ်မှတ်ချက်တွင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ကျန်းမာအောင်နေထိုင်စားသောက်ခြင်းစသည်တို့ ပါဝင်ကြောင်း သိရသည်။ 

တောင်ကိုရီးယားနိုင်ငံတွင် မေ ၂ ရက် ၀၀:၀၀နာရီ မှ မေ ၃ ရက် ၀၀:၀၀ နာရီ အချိန်အတွင်း အသစ်ထပ်တိုးလူနာ ၁၃ ဦးရှိရာ ၎င်းတို့အနက် ၁၀ ဦးမှာ ပြည်ပမှဝင်ရောက်လာခြင်းဖြစ်ပြီး ၃ ဦးမှာ နိုင်ငံအတွင်းကူးစက်ခံရသူဖြစ်ကြောင်း တောင်ကိုရီးယား ရောဂါစီမံခန့်ခွဲရေးဌာနချုပ်၏ မေ ၃ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ မေ ၃ ရက် ၀၀:၀၀ နာရီအထိ တောင်ကိုရီးယားတွင် COVID-19ရောဂါ စုစုပေါင်း အတည်ပြုလူနာ ၁၀,၇၉၃ ဦး၊ စုစုပေါင်း သေဆုံးသူ ၂၅၀ ဦး နှင့် ရောဂါကုသပျောက်ကင်းသွားသူ ၉,၁၈၃ ဦး အသီးသီးရှိကြောင်း သိရသည်။ (Xinhua)