Connect with us

WORLD

အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်လူနာဦးရေ ပထမဆုံးအကြိမ်အဖြစ် ၈ သောင်းကျော်ရှိခဲ့

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်တွင် ပြင်ပ၌ခင်းကျင်းထားသော ကော်ဖီဆိုင်တစ်ခု၏ မြင်ကွင်းအား အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် အောက်တိုဘာ ၂၃ ရက်က ကိုဗစ် ထပ်တိုးအတည်ပြုလူနာ ၈၂,၉၂၉ ဦး ရှိခဲ့ရာ ၎င်းမှာ ကပ်ရောဂါကာလအတွင်း ထပ်တိုးလူနာသစ်ဦးရေး အများဆုံး စံချိန်ဖြစ်ခဲ့ပြီး အသစ်ထပ်တိုးသေဆုံးသူ ၉၄၆ ဦး ရှိကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ(CDC)ဝဘ်ဆိုက်၏ အောက်တိုဘာ ၂၄ ရက် ကိန်းဂဏန်းများအရ သိရသည်။

ထပ်တိုးလူနာအရေအတွက်သည် ကပ်ရောဂါကာလတွင် အမေရိကန်နိုင်ငံ၏ တစ်ရက်အတွင်း အများဆုံးလူနာအရေအတွက်အဖြစ် ပထမဆုံးအကြိမ် ၈ သောင်းကျော်ခဲ့ခြင်းဖြစ်ရာ ထိုမတိုင်မီ ကပ်ရောဂါညွှန်းကိန်း တည်ငြိမ်သွားရာမှ တစ်ကျော့ပြန်အဖြစ် ဆိုးဝါးစွာ မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

CDC၏ ကိန်းဂဏန်းများအရ တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ထပ်တိုးဦးရေသည် ယခုရက်သတ္တပတ်အတွင်း ပျမ်းမျှအားဖြင့် ၆ သောင်းကျော်ရှိပြီး ထပ်တိုးသေဆုံးသူ ၂,၀၀၀ ကျော် ၂ ရက် ရှိရာ ထပ်တိုးလူနာနှင့်သေဆုံးသူဦးရေသည် ပျမ်းမျှအားဖြင့် ဆက်တိုက် မြင့်တက်လျက်ရှိသည်။

ဆေးရုံတင်ကုသမှုခံယူနေသည့် ကိုဗစ်လူနာ အရေအတွက်သည် အမေရိကန်၏ ကပ်ရောဂါခံဝန်အား၏ အရေးပါသည့် ရည်ညွှန်းကိန်း တစ်ခုဖြစ်ကြောင်း ၊ ဆေးရုံတင်လူနာဦးရေသည် လက်ရှိတွင် စတင် တိုးများလာရာ အောက်တိုဘာ ၂၄ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၄၂,၀၀၀ နီးပါးရှိပြီဖြစ်ကြောင်း အမေရိကန်အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုဌာန((FDA)) ယခင်အကြီးအကဲ Scott Gottliebက ၎င်း၏လူမှုကွန်ရက်မီဒီယာတွင် ရေးသားခဲ့သည်။
ကပ်ရောဂါဖြစ်ပွားမှုအခြေအနေအရ ဆေးရုံတင်ကုသမှုခံယူရမည့် ကိုဗစ်လူနာ သတ်မှတ်ချက်သည် ပို၍ တင်းကျပ်ထားကြောင်း၊ ထိုသို့အခြေအနေမျိုးတွင်မှာပင် ဆေးရုံတင်ကုသမည့် လူနာအရေအတွက်သည် များစွာ တိုးပွားလျက်ရှိရာ စိုးရိမ်ဖွယ်ရှိကြောင်း ဆိုသည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် အောက်တိုဘာ ၂၄ ရက် ညပိုင်းအထိ အမေရိကန်နိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၈ ဒသမ ၅၇ သန်း ကျော် နှင့် သေဆုံးသူ စုစုပေါင်း ၂၂၄,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။(Xinhua)