Connect with us

WORLD

အမေရိကန်၌ ကိုဗစ်ကြောင့် သေဆုံးမှုသည် စက်တင်ဘာ လဆန်းတွင် ၂ သိန်းအထိ ရှိလာနိုင်၊ အိန္ဒိယတွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်မည်ဟု ဆို 

အိန္ဒိယနိုင်ငံတွင် ကိုဗစ် ရောဂါ စစ်ဆေးမှုများ ပြုလုပ်ပေးနေသည်ကို ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) 

ဩဂုတ် ၁၅ ရက် ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းအချက်အလက်များအရ အမေရိကန်နိုင်ငံ၌ ကိုဗစ်ကြောင့် သေဆုံးမှုသည် စက်တင်ဘာ လဆန်းပိုင်းတွင် ၂ သိန်းအထိရှိလာနိုင်ကြောင်းနှင့် အိန္ဒိယနိုင်ငံတွင် ကိုဗစ် ရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ 

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဩဂုတ် ၁၅ ရက် ဗဟိုဥရောပစံတော်ချိန်(CET) ၁၀ နာရီအထိ ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်းCOVID-19ရောဂါအတည်ပြုလူနာအရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၂၉၄,၂၃၇ ဦး တိုးမြင့်လာကြောင်း ၊ စုစုပေါင်း အတည်ပြုလူနာ ၂၁,၀၂၆,၇၅၈ ဦးရှိကြောင်း နှင့် အသစ်ထပ်တိုး သေဆုံးသူ ၉,၉၈၅ ဦးရှိကြောင်း ၊ စုစုပေါင်း သေဆုံးသူ ၇၅၅,၇၈၆  ဦး ထိ အသီးသီး ရှိလာကြောင်း သိရသည်။ 

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ပေကျင်း စံတော်ချိန် ဩဂုတ် ၁၆ ရက် ၆ နာရီ ၂၇ မိနစ်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ကမ္ဘာတစ်ဝန်း COVID-19ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂၁,၃၁၅,၃၉၄ ဦး၊  စုစုပေါင်း သေဆုံးသူ ၇၆၈,၁၃၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၅,၃၅၄,၆၄၄ ဦး နှင့် သေဆုံးသူ ၁၆၉,၄၀၅ ဦးရှိကြောင်း သိရသည်။

(၂)သတင်းအချက်အလက် စုစည်းချက်များ

အမေရိကန်နိုင်ငံ ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ(CDC)၏ ပြီးခဲ့သည့်ရက်တွင် ထုတ်ပြန်သော ကြိုတင်ခန့်မှန်းတွက်ချက်မှု ကိန်းဂဏန်းများအရ ဩဂုတ် ၃၀ ရက်မှ စက်တာဘာ ၅ ရက် ရက်သတ္တပတ်ကြာကာလအတွင်း အမေရိကန်နိုင်ငံတွင် ကိုဗစ်ကြောင့် ထပ်တိုးသေဆုံးသူ ၄,၂၀၀ မှ ၁၀,၆၀၀ အထိရှိလာနိုင်ရာ စက်တင်ဘာ ၅ ရက်တွင် စုစုပေါင်းအတည်ပြုလူနာ အရေအတွက်သည် ၁ သိန်း ၈ သောင်းမှ ၂ သိန်း အကြား ရှိလာနိုင်ကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီသည် ဩဂုတ် ၁၅ ရက်က မြို့တော် နယူးဒေလီ၌ အမှာစကားပြောကြားရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် ကိုဗစ်တိုက်ဖျက်ရေးကို အမြန်ဆုံး အောင်နိုင်ရန် မျှော်လင့်ကြောင်းနှင့် ပြည်တွင်း သုတေသနပြု ကိုဗစ်ကာကွယ်ဆေးကို အမြောက်အမြားထုတ်လုပ်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိ အိန္ဒိယနိုင်ငံ ပြည်တွင်း၌ သုတေသနပြု ဆောင်ရွက်လျက်ရှိသော ကိုဗစ်ရောဂါ ကာကွယ်ဆေး ၃ မျိုးသည် မတူညီသည့်စမ်းသပ်မှုအဆင့်အသီးသီးကို ရောက်ရှိနေပြီဖြစ်ရာ ထိုကာကွယ်ဆေးများ ခွင့်ပြုချက်ရပါက အမြောက်အမြား ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ကိုဗစ် ရောဂါ စစ်ဆေးမှုများ ပြုလုပ်ပေးနေသည်ကို ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် Mette Frederiksenသည် ယခုကာလများတွင် ဒိန်းမတ်၏ ကိုဗစ် ကပ်ရောဂါ အခြေအနေသည် တန်ပြန် တစ်ကျော့ ထပ်ဖြစ်နေရာ ဩဂုတ် ၂၂ ရက်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ အများသုံးဘတ်စ်ကား စီးရာတွင် မဖြစ်မနေ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ကြရန် ဩဂုတ် ၁၅ ရက်က ဝန်ကြီးချုပ်ရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံတွင် အသစ်ထပ်တိုးရောဂါကူးစက်ခံရသူ ၁၆၆ ဦး ရှိကြောင်း တောင်ကိုရီးယားနိုင်ငံ ဗဟို ကပ်ရောဂါကာကွယ်ရေး ဌာနချုပ်၏ ဩဂုတ် ၁၅ ရက် ထုတ်ပြန်သည့် သတင်းများအရသိရသည်။ ၎င်းမှာ မတ်လကုန်ပိုင်းမှစ၍ တောင်ကိုရီးယားတွင် ပထမဆုံးအကြိမ် နှစ်ရက်ဆက်တိုက် တစ်ရက်တွင်း အတည်ပြုလူနာအရေအတွက် ၁၀၀ ကျော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် ဩဂုတ် ၁၆ ရက်မှစ၍ ဆိုးလ်မြို့နှင့် Gyeonggiဒေသတွင် လူအချင်းချင်း ခပ်ခွာခွာနေထိုင်မှု (Social distancing)အဆင့်ကို ဒုတိယအဆင့်သို့ တိုးမြှင့်ထားပြီး ယာယီအားဖြင့် နှစ်ပတ်ကြာဆောင်ရွက်မည်ဟု တောင်ကိုရီးယားနိုင်ငံ ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီး  Park,Neunghooက ပြောကြားခဲ့သည်။ 

တောင်အာဖရိကနိုင်ငံတွင် အစိုးရက လော့ခ်ဒေါင်းနည်းလမ်းများကို လက်ရှိ အဆင့် ၃ မှ အဆင့် ၂ သို့ တစ်ဆင့်ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း  တောင်အာဖရိက သမ္မတ   Cyril Ramaphosaက ဩဂုတ် ၁၅ ရက် ညပိုင်းတွင် ရုပ်မြင်သံကြားမှ တစ်ဆင့် ပြောကြားခဲ့သည်။ ထိုဖြေလျှော့မှုသည် တောင်အာဖရိကရှိ စီးပွားရေးလှုပ်ရှားမှုများ အားလုံးနီးပါး ပုံမှန်ပြန်လည်လည်ပတ်နိုင်မည်ဖြစ်ရာ ပြည်နယ်ခြား ခရီးသွားကန့်သတ်ချက်၊အရက်ဆေးလိပ် ရောင်းချမှု ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်ပြီဖြစ်ပြီး ဟိုတယ်စားသောက်ဆိုင်များ Social Distanceထားရှိကာ ပြန်လည်ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ သို့သော် နိုင်ငံတကာခရီးသွားနှင့် လူ ၅၀အထက် စုဝေးခြင်းကို ပိတ်ပင်ထားပြီး ညစဉ် ၁၀နာရီမှ ဒုတိယနေ နံနက် ၄ နာရီအချိန်အတွင်း သွားလာမှုကို ကန့်သတ်ထားကြောင်း သိရသည်။(Xinhua)