Connect with us

WORLD

အီတလီနိုင်ငံတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုများ ပိုမိုအားကောင်းစေရန် နည်းလမ်းသစ်များ ချမှတ်ဆောင်ရွက်

ညမထွက်ရအမိန့်ချမှတ်ပြီးနောက် အီတလီနိုင်ငံ မီလန်မြို့မြင်ကွင်းအား အောက်တိုဘာ ၂၂ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုများ ပိုမိုအားကောင်းစေရန် နည်းလမ်းသစ်များ ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အီတလီ ဝန်ကြီးချုပ် Giuseppe Conteက အောက်တိုဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။

အောက်တိုဘာ ၂၆ ရက် ၀၀:၀၀ နာရီမှစ၍ နိုဝင်ဘာ ၂၄ ရက်အထိ အီတလီတွင် အရက်ဘား၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင်၊ ရေခဲမုန့်ဆိုင် စသည့်တို့ကို ၁၈:၀၀ နာရီနောက်ပိုင်း ဆက်လက် ဖွင့်လှစ်မှုအား တားမြစ်ထားကြောင်း ၊ ၇၅ ရာခိုင်နှုန်းနှင့်အထက် အထက်တန်းအလယ်တန်းကျောင်းသားကျောင်းသူများအား အွန်လိုင်းပညာရေးစနစ်ဖြင့် သင်ကြားမည်ဖြစ်ကြောင်း ၊ ရုပ်ရှင်ရုံ၊ ဖျော်ဖြေပွဲခန်းမ၊ Gym၊ ရေကူးကန်စသည့်တို့ကို ပိတ်ထားမည်ဖြစ်ပြီး အီတလီစီးရီးအေဘောလုံးပြိုင်ပွဲများမှလွဲ၍ ထိတွေ့မှုရှိသော အားကစားပွဲအားလုံးကို ခေတ္တ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ၊ အစည်းအဝေး၊ အရောင်းပြပွဲနှင့် သာရေးနာရေးအခမ်းအနား ကျင်းပခြင်းများကိုလည်း ခေတ္တ ပိတ်ပင်ထားမည်ဖြစ်ကြောင်း၊ ပြတိုက်များကို မူလ အတိုင်းဖွင့်လှစ်ထားမည်ဖြစ်ကြောင်း အီတလီ ဝန်ကြီးချုပ် Giuseppe Conteက အောက်တိုဘာ ၂၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 ညမထွက်ရအမိန့်ချမှတ်ပြီးနောက် အီတလီနိုင်ငံ မီလန်မြို့မြင်ကွင်းအား အောက်တိုဘာ ၂၂ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

အစိုးရအနေဖြင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာဌာနများကို Telecommutingဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပုဂ္ဂလိက လုပ်ငန်းဌာနများအနေဖြင့်လည်း ထိုသို့ဆောင်ရွက်ရန် အထူးအကြံပြုကြောင်း ၎င်းက ဆိုသည်။ အများပြည်သူအနေဖြင့် အိမ်တွင်သာနေထိုင်ကြရန်၊ အလုပ် သို့မဟုတ် ကျန်းမာရေးလိုအပ်ချက်ရှိမှသာ အပြင်သို့ထွက်ကြရန် အကြံပြု ပြောကြားခဲ့သည်။

 ညမထွက်ရအမိန့်ချမှတ်ပြီးနောက် အီတလီနိုင်ငံ မီလန်မြို့မြင်ကွင်းအား အောက်တိုဘာ ၂၂ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

အီတလီတွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ယခုကာလများအတွင်း ပို၍ဆိုးဝါးလာသည်။ အီတလီ ကျန်းမာရေးဝန်ကြီးဌာန အောက်တိုဘာ ၂၅ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့တွင် အသစ်ထပ်တိုး အတည်ပြုလူနာ ၂ သောင်းကျော် ရှိပြီး စုစုပေါင်းအတည်ပြုလူနာ ၅၂၅,၇၈၂ ဦး၊ ထပ်တိုးသေဆုံးသူ ၁၂၈ ဦးဖြင့် စုစုပေါင်း သေဆုံးသူ ၃၇,၃၃၈ ဦး ၊ လက်ရှိ လူနာဦးရေ ၂၂၂,၂၄၁ ဦး ရှိကြောင်း သိရသည်။

ယခုလ ၇ ရက်တွင် အီတလီနိုင်ငံ အစိုးရက ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုများ ပို၍ အားကောင်းစေရန် နည်းလမ်းသစ်များ ချမှတ်ခဲ့ပြီး နိုင်ငံတော် အရေးပေါ်အခြေအနေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ တိုးမြင့်ထားကြောင်း သိရသည်။ အီတလီ၏ ပထမအကြိမ် ထုတ်ပြန်ကြေညာသည့် နိုင်ငံတော်အရေးပေါ်အခြေအနေကို ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် စတင်အသက်ဝင်ခဲ့ရာ ၆ လကြာ အရေးပေါ်အခြေအနေကို ထပ်မံ သက်တမ်းတိုးမှုများပြုလုပ်ခဲ့ရာ အောက်တိုဘာ ၁၅ ရက် ထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.