Connect with us

WORLD

အမေရိကန်နိုင်ငံ၌ အစောပိုင်းတွင် ယုံကြည်ထားသည့်အချိန်ထက် ပိုစောပြီး COVID-19 ပျံ့နှံ့နေကြောင်း အချက်အလက်များက ဖော်ပြ

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့၌ ၂၀၂၀ ပြည့်နှစ် မတ် ၈ ရက်က မာရသွန်ပြေးပွဲကျင်းပနေစဉ်(ဆင်ဟွာ)

လော့အိန်ဂျလိစ် ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းခြေတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် အစောပိုင်းက ယုံကြည်ထားသောအချိန်ထက် ရက်သတ္တပတ်များစွာ စော၍ ပျံ့နှံ့နေခဲ့ကြောင်း ယခုရက်သတ္တပတ်တွင် ထုတ်ပြန်သည့် ဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သစ်များ အရသိရသည်။

အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် Santa Clara မြို့မှ ကျန်းမာရေးတာဝန်ရှိသူများက အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် ပထမဆုံးလူသေဆုံမှုအဖြစ် ယခင်က သိရှိထားသည့် ဝါရှင်တန်ပြည်နယ် Kirkland ၌ ဖေဖော်ဝါရီ ၂၉ ရက်ကဖြစ်ပွားသော လူသေဆုံးမှုထက် အနည်းဆုံး ရက်သတ္တပတ် ၃ ပတ် ပိုစော၍ COVID-19 ဖြင့် လူနာနှစ်ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း ဧပြီ ၂၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

မြောက်ပိုင်းကယ်လီဖိုးနီးယားမြို့ အရေးပေါ်စီမံခန့်ခွဲရေးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်အရ ဆေးဘက်ဆိုင်ရာ စစ်ဆေးအဖြေရှာသူများက ဖေဖော်ဝါရီ အစောပိုင်းတွင် နေအိမ်အသီးသီး၌ သေဆုံးခဲ့သည့် လူနာနှစ်ဦး ၏ အသားစနမူနာများကို စစ်ဆေးခဲ့ကြောင်း နှင့် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာနမှ စစ်ဆေးတွေ့ရှိချက်အများရ အဆိုပါ သေဆုံးသူ နှစ်ဦးစလုံးထံတွင် COVID-19 ရောဂါရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့၌ ၂၀၂၀ ပြည့်နှစ် မတ် ၂၇ ရက်တွင် လမ်းပေါ် သွားလာနေသူများအား ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးနေစဉ် (ဆင်ဟွာ)

“ ဆေးဘက်ဆိုင်ရာ စစ်ဆေးချက်တွေအရဆိုရင် ဒီမြို့ထဲမှာ သေဆုံးသူတွေကို ဘာရောဂါနဲ့သေဆုံးခဲ့လဲဆိုတာ စနစ်တကျ ဆက်လက်စစ်ဆေးသွားရမှာပါ ။ ဒါမှ COVID-19 နဲ့ သေဆုံးသွားသူတွေကို ကျွန်တော်တို့ ထပ်ပြီးအတည်ပြုနိုင်မှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

San Jose မှ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးကြီး Patricia Dowd သည် ဖေဖော်ဝါရီ ၆ ရက်တွင် နေအိမ်၌ သေဆုံးခဲ့သည်။ Santa Clara မြို့မှ အမှုဆောင်အရာရှိ Jeffrey V.Smith က ဆင်ဟွာသတင်းဌာနသို့ အီးမေးလ်မှတစ်ဆင့် ဖြေကြားရာတွင် “ အခုချိန်ထိတော့ ဒါဟာ အမေရိကန်နိုင်ငံမှာ အစောဆုံးလူသေဆုံးမှုပဲ” ဟု ဆိုထားသည်။

Santa Clara မြို့ ပြည်သူ့ကျန်းမာရေးဌာန အရာရှိ ဒေါက်တာ Sara Cody က သတင်းသမားများအားပြောကြားရာတွင် Dowd နှင့် ဖေဖော်ဝါရီ ၁၇ ရက်တွင် နေအိမ်၌ သေဆုံးသွားသော အခြား အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦးတို့သည် “ ခရီးသွားရာဇဝင်များမရှိကြောင်း” နှင့် ၎င်းတို့ သည် လူမှုအသိုက်အဝန်းကြား ပျံ့နှံ့နေသော ဗိုင်းရပ်စ်များ ကူးစက်ခံခဲ့ရခြင်းဖြစ်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

မိသားစုဝင်များက ပြောကြားရာတွင် Dowd သည် မီးအားမြှင့်စက်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုတွင် မန်နေဂျာတစ်ဦးအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ဇန်နဝါရီလ နှောင်းပိုင်းတွင် ပုံမှန်မဟုတ်သော အဖျားဝေဒနာခံစားခဲ့ရကြောင်း ဆိုသည်။ ၎င်းသည် တုတ်ကွေးကဲ့သို့ အလားသဏ္ဍာန်တူသော ရောဂါလက္ခဏာကိုခံစားခဲ့ရကြောင်း နှင့် နောက်ပိုင်းတွင် ပြန်လည် နလံထူသလိုဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလအစောပိုင်းတွင် Dowd ကွယ်လွန်ချိန်၌ နှလုံးရောဂါဖြင့် သေဆုံးသွားသည်ဟု ကနဦး ကောက်ချက် အလွဲကိုချခဲ့ကြောင်း လော့အိန်ဂျလိစ်တိုင်းမ်(Los Angeles Times) သတင်းစာက ယခုရက်သတ္တပတ်အစောပိုင်းတွင် သတင်းဖော်ပြခဲ့သည်။“ ဒီသေဆုံးမှုက ကျွန်တော်တို့ကို ဘာပြောနေလဲဆိုရင် ကျွန်တော်တို့သိထားတာထက် အချိန်ပိုစောပြီး လူမှုအသိုင်းအဝိုင်းကြားမှာ ရောဂါကူးစက်မှုတွေဟာ ဖြစ်နေခဲ့ပြီးဆိုတာပါပဲ” ဟု Cody က သတင်းသမားများအားပြောကြားခဲ့သည်။

 အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့ Venice Beach အနီး နှားခေါင်းစည်းတပ်ဆင်သွားလာနေသူတစ်ဦးအား ဧပြီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ လူတွေသေနေပြီ ဒါမှမဟုတ် အရေးပေါ်ခန်း(ICU) ရောက်နေပြီဆိုတဲ့ ရလဒ်မျိုး ခင်ဗျားတွေ့ရတဲ့အချိန်ဟာ ရေပေါ်မှာ ပေါ်နေတဲ့ ရေခဲတုံးအရွယ်အစားထက် ကျွန်တော်တို့ မမြင်နိုင်တဲ့ ရေအောက်မှာရှိနေတဲ့ ရေခဲတုံးအရွယ်အစားက ပိုကြီးတယ်ဆိုတဲ့အဓိပ္ပါယ်မျိုးလိုပါပဲ ၊ ကိုယ်တွေ မသိနိုင်မမြင်နိုင်တာ အများကြီးပေါ့ ” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်မှ ကျောင်းကျန်းမာရေးမူဝါဒဆိုင်ရာဌာနမှ ပါမောက္ခ Neeraj Sood က လော့အိန်ဂျလိစ်တိုင်းမ်းသတင်းစာသို့ပြောကြားရာတွင် လူသေဆုံးမှုသစ် မတိုင်မီကတည်းက ဗိုင်းရပ်စ်ပိုးသည် ရက်သတ္တပတ်များစွာကတည်းက ပြည်သူအကြား ပျံ့နှံ့နေပြီဟု ယုံကြည်ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ပထမဆုံး သေဆုံးမှုကို တွေ့တဲ့အချိန်ဟာ အမှန်တကယ်တော့ လူတွေကြားမှာ ရောဂါပျံ့နှံ့မှု အမြင့်ဆုံး ဖြစ်နေပါပြီ ။ အဲဒီအနေအထားဟာ လူမှုအသိုင်းအဝိုင်းကြားမှာ ဖြစ်နေတာ ကြာခဲ့ပြီပေါ့” ဟု Sood က Los Angeles Times သတင်းဌာနသို့ပြောကြားခဲ့သည်။

“ ဒီလူနာတွေဟာ လူမှုအသိုင်းအဝိုင်းကြားကူးစက်ပျံ့နှံ့မှုမှ တစ်ဆင့် ကူးစက်ခံရသူတွေပေါ့။ ဒီအချက်တွေက ဘာပြောနေလဲဆိုရင် ဒီဒေသမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဟာ အနည်းဆုံး ဇန်နဝါရီလက တည်းကရှိခဲ့တယ် ၊ အဲဒီထက်လည်း စောနိုင်တယ်” ဟု Santa Clara မြို့အမှုဆောင် Smith က ဆင်ဟွာသို့ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် Stanford တက္ကသိုလ်၏ သုတေသီများမှ ထုတ်ပြန်လိုက်သည့် စူးစမ်းလေ့လာမှု ထုတ်ပြန်ချက်သစ် အရ Santa Clara မြို့မှ လူပေါင်း ၄၈,၀၀၀ မှ ၈၁,၀၀၀ ခန့်အထိသည် ဧပြီလ အစောပိုင်းကတည်းက COVID-19 ကူးစက်ခံထားရပြီးဖြစ်ကြောင်း နှင့် ယင်းဒေသခံ ၂.၅ ရာခိုင်နှုန်းမှ ၄.၂ ရာခိုင်နှုန်းအထိ ပြည်သူများသည် ခန္ဓာကိုယ်ခုခံအားစနစ်(antibodies) များ ရှိနေခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်ထိ Santa Clara မြို့တွင် COVID-19 အတည်ပြုလူနာ ၂,၀၁၈ ဦးရှိပြီး ယင်းတို့အနက် သေဆုံးသူ ၉၈ ဦးရှိကြောင်း ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် Santa Clara မြို့ပြည်သူကျန်းမာရေးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။(Xinhua)