Connect with us

WORLD

ဝူဟန့်ဓာတ်ခွဲခန်းမှ COVID-19 ထွက်လာသည်ဆိုသည့် ပြောဆိုချက်အတွက် “သိပ္ပံအထောက်အထားမရှိ” ဟု သိပ္ပံပညာရှင်များပြောကြား

Buzzfeed သတင်းဌာန စာမျက်နှာတွင် ဖော်ပြထားသည့်“ ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန့်ရှိ ဓာတ်ခွဲခန်းတစ်ခုမှ ထွက်ပေါ်လာသည်ဆိုသည့် သိပ္ပံဆိုင်ရာ အထောက်အထား မတွေ့ရှိ ၊ ထရမ့် ထောက်ခံသူများက ကောလာဟလဖြန့်ဝေခြင်းသာဖြစ်” ဆောင်းပါးခေါင်းစဉ်းအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၃ ရက်(ဆင်ဟွာ)

COVID-19 သည် လူသားတို့ ဖန်တီးထားသောရောဂါဖြစ်ပြီး ဓာတ်ခွဲခန်းတစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်နိုင်သည်ဟူသော အချို့အမေရိကန်နိုင်ငံရေးသမားများ နှင့် မီဒီယာများ၏ မကြာသေးမီက ပြောဆိုချက်များအတွက် မည်သည့် “ သိပ္ပံ အထောက်အထားမျှ မရှိ” ကြောင်း သိပ္ပံပညာရှင်းများက ထုတ်ဖော်ပြောကြားခဲ့သည်။

“ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလအစဟာ သိပ္ပံဆိုင်ရာ ရှာဖွေမှု တရားဝင်နယ်ပယ်တစ်ခုထဲမှာပဲ ရှိနေပါတယ် ၊ အဲဒီမှာလည်း မေးခွန်းများစွာ ရှိနေဆဲပါပဲ” ဟု Buzzfeed သတင်းဌာန၏ ဧပြီ ၂၂ ရက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားသည်။

မြောက်များစွာသော သိပ္ပံပညာရှင်များနှင့် တွေ့ဆုံမေးမြန်းချက်အပေါ် အခြေခံ၍ ရေးသားခဲ့သည့် သတင်းထောက် Ryan Broderick ၏ ဆောင်းပါး ခေါင်းစဉ်မှာ “ ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန့်ရှိ ဓာတ်ခွဲခန်းတစ်ခုမှ ထွက်ပေါ်လာသည်ဆိုသည့် သိပ္ပံဆိုင်ရာ အထောက်အထား မတွေ့ရှိ ၊ ထရမ့် ထောက်ခံသူများက ကောလာဟလဖြန့်ဝေခြင်းသာဖြစ်” ဟု ဖော်ပြထားသည်။

ကိုလံဘီယာတက္ကသိုလ် အနုဇီဝနှင့် ခုခံအားစနစ်ဆိုင်ရာဌာန မှ ပါမောက္ခ Vincent Racaniello က Buzzfeed သတင်းဌာနသို့ပြောကြားရာတွင် ရောဂါဖြစ်ပွားမှု အရင်းအမြစ်သည် ဓာတ်ခွဲခန်းမှ ဖြစ်သည်ဟူသော ယူဆချက် နှင့်ပတ်သက်၍ ၎င်းအနေဖြင့် စိတ်မသက်မသာ ဖြစ်ရကြောင်း ပြောကြားခဲ့သည်။ “ သီအိုရီယူဆချက်တစ်ခုဟာ ရလဒ်တွေအပေါ်မှာ အခြေခံထားတယ် ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ထင်တာကတော့ ဒါဟာ နိုင်ငံရေးအရ လုပ်နေတာပဲ ” ဟု ဆိုသည်။

“ ဓာတ်ခွဲခန်းတစ်ခုက ထွက်လာတယ်ဆိုပြီး ပြောဆိုနေကြသူတွေဟာ သူတို့ဘာတွေပြောနေကြလဲဆိုတာ သိပုံမရကြဘူး” ဟု ၎င်းက ဆိုသည်။ “ ဘယ်လူသားတစ်ဦးတစ်ယောက်ကမမှ ဒီဗိုင်းရပ်စ်ပိုးကို တီထွင် ထုတ်လုပ်နိုင်မှာမဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Global Development စင်တာမှ အကြီးတန်းမူဝါဒရေးရာ အရာရှိတစ်ဦးဖြစ်သူ Jeremy Konyndyk က လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်၏ မူလအစသည် ဓာတ်ခွဲခန်းတစ်ခုမှ ဖြစ်သည်ဆိုသော မည်သည့် သက်သေအထောက်အထားမျှ မရှိသလို ဖန်တီးထားသော သို့မဟုတ် မတော်တဆ လွတ်ထွက်လာသော အထောက်အထားများလည်း မရှိကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ ပြောရေးဆိုခွင့်ရှိသူ Fadela Chaib က ဧပြီ ၂၁ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားရာတွင် “ သက်သေပြချက်အားလုံးမှာ ဗိုင်းရပ်စ်ရဲ့ မူလအစဟာ တိရစ္ဆာန်က ဖြစ်တယ်ဆိုတာကို  ဖော်ပြနေပါတယ် ။ ဒါဟာ လုပ်ကြံဖန်တီးထားတာ သို့မဟုတ် ဓာတ်ခွဲခန်းကထွက်လာတာ သို့မဟုတ် တစ်ခြားတစ်နေရာရာက ဖန်တီးထွက်ပေါ်လာတာဆိုတာမျိုး လုံးဝ မဟုတ်ပါဘူး” ဟု ဆိုသည်။(Xinhua)