Connect with us

WORLD

တရုတ်နိုင်ငံ အစိုးရမှ လှူဒါန်းသော COVID-19 ရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ ဒုတိယအသုတ် မလေးရှားနိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံ အစိုးရမှ လှူဒါန်းသော ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းမှုအခမ်းအနားတွင် မလေးရှားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Bai Tian (ဝဲဘက် ပထမလူ) က စကားပြောကြားနေစဉ် (ဆင်ဟွာ)

ပူထရာဂျာယာ၊ မလေးရှား၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နှင့် မလေးရှား နှစ်နိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေး ပူးတွဲကြိုးပမ်းအားထုတ်မှုအဖြစ် တရုတ်နိုင်ငံ အစိုးရမှ လှူဒါန်းသော ဒုတိယအသုတ် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများအား မလေးရှားနိုင်ငံ အစိုးရသို့ လွှဲအပ်ခြင်အခမ်းအနားကို မေ ၁၅ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဆိုင်ရာဌာန ဝန်ကြီး Mohd Redzuan Md Yusof က ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ လက်ခံစဉ်တွင် COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ အစိုးရနှင့် ကုမ္ပဏီများမှ ထောက်ပံ့သော အကူအညီများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

“မလေးရှားနိုင်ငံ အစိုးရကိုယ်စား COVID-19 တိုက်ဖျက်ရေး အကူအညီပစ္စည်းများအတွက် ကျေးဇူးတင်ပါတယ်။ ကူညီထောက်ပံ့မှုကိုလည်း ကောင်းစွာလက်ခံရရှိပါတယ်” ဟု လှူဒါန်းပစ္စည်းလွှဲပြောင်းခြင်း အခမ်းအနား၌ ၎င်းက ပြောခဲ့သည်။ 

မလေးရှားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Bai Tian က ဒုတိယအသုတ် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများသည် တရုတ်နိုင်ငံ၏ စိတ်ရင်းစေတနာကို ကိုယ်စားပြုကြောင်းနှင့် မလေးရှားနိုင်ငံကို COVID-19 တိုက်ဖျက်ရာတွင် ဆောလျင်စွာအောင်မြင်မှုရရှိစေရန်အတွက် ထောက်ပံ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံအနေဖြင့် မလေးရှားနိုင်ငံနှင့်အတူ မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ တရုတ်နိုင်ငံမှ အဆိုပြုထားသော ရပ်ဝန်းနှင့်ပိုးလမ်းမ ဖော်ဆောင်မှုအောက်တွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်၊ စက်မှုလုပ်ငန်းနှင့် supply chain များ ပွင့်လင်းမှုနှင့် ဘေးကင်းမှု အာမခံချက်ရှိစေရန်၊ စီးပွားရေးမြှင့်တင်မှု ပူးတွဲကြိုးပမ်းရာတွင် စီးပွားရေးနှင့် ပြည်သူအချင်းချင်း ဖလှယ်မှု လွယ်ကူစေရန် လုပ်ဆောင်သွားလိုကြောင်း Bai က မှတ်ချက်ပြုပြောကြားခဲ့သည်။ 

ဒုတိယအသုတ် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများတွင် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၁.၃ သန်း၊ ဓာတ်ခွဲစမ်းသပ်ပစ္စည်း ၁၅၀၀၀၀ ခု၊ တစ်ကိုယ်ရေ အကာအကွယ်ဝတ်စုံ (PPE) ၇၀၀၀၀ စုံနှင့် N95 နှာခေါင်းစည်း ၇၀၀၀၀ ခု တို့ပါဝင်ကြောင်း Bai က ဆိုသည်။

တရုတ်နိုင်ငံ အစိုးရမှ လှူဒါန်းသော ပထမအသုတ် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများသည် မတ်လကုန်က မလေးရှားနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ထို့ပြင် ကူးစက်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံများ မျှဝေရန် တရုတ်နိုင်ငံမှ ဆေးပညာရှင်၈ ဦးပါအဖွဲ့သည်လည်း ဧပြီမှ မေအထိ အချိန်နှစ်ပတ်တာမျှ မလေးရှားနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရသည်။  (Xinhua)