Connect with us

WORLD

ကမ္ဘောဒီးယားနိုင်ငံတွင် COVID-19 လူနာအားလုံးပြန်လည်ကျန်းမာ၊ ကူးစက်မှုအသစ်မရှိ 

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ လမ်းမတစ်နေရာတွင် နှာခေါင်းစည်းများဝတ်ဆင်၍ သွားလာနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁၂၂ ဦးစလုံး နေပြန်ကောင်းလာပြီဖြစ်ကြောင်း၊ ရောဂါ ကူးစက်ခံရမှု အသစ် လုံးဝ မတွေ့ရှိသည်မှာ တစ်လကျော်ရှိလာပြီဖြစ်ကြောင်း မေ ၁၆ ရက်တွင် ပြောကြားလိုက်သည်။

နောက်ဆုံး ရောဂါပြန်လည်သက်သာလာသူသည်  နိုင်ငံအနောက်မြောက်ပိုင်း Banteay Meanchey ပြည်နယ် Poipet မြို့မှ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ ၎င်းသည် မေ ၁၆ ရက် နံနက်ပိုင်းတွင် ဖနွမ်းပင်မြို့ရှိ  ခမာ-ဆိုဗီယက် ချစ်ကြည်ရေးဆေးရုံမှ ဆင်းခွင့်ရခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်တွင် ပြောကြားထားသည်။ 

ကမ္ဘောဒီးယားနိုင်ငံတွင် ယခုအထိ သံသယရှိသူ ၁၄,၆၈၄ ဦး၏ နမူနာများကို စစ်ဆေးခဲ့ပြီးဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Or Vandine က ပြောသည်။

၎င်းက နိုင်ငံအတွင်း တစ်လကျော်ကြာ ကူးစက်ခံရမှုအသစ်မရှိသော်လည်း ကူးစက်မှုဒုတိယလှိုင်းကို ရှောင်ရှားနိုင်ရေးအတွက် ပြည်သူများအနေဖြင့် ဆက်လက်၍ နိုးနိုးကြားကြား ရှိကြရန် ပြောကြားခဲ့သည်။

“လူနာအားလုံး ရောဂါပျောက်ကင်းပြီး ကူးစက်ခံရမှုအသစ် မရှိပေမဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ကူးစက်မှုအသစ်တွေ တွေ့မြင်နေရဆဲဖြစ်တာကြောင့် ကူးစက်ခံရနိုင်တဲ့ အန္တရာယ် ရှိနေတုန်းပဲ” ဟု ၎င်းက ပြောခဲ့သည်။

ပြည်သူများအား နှာခေါင်းစည်းများဆက်လက်ဝတ်ဆင်ကြရန် အယ်လ်ကိုဟော သို့မဟုတ် ပိုးသတ်ဆေးပါဝင်သော လက်ဆေးဂျယ်လ်ဖြင့် မကြာခဏ လက်ဆေးကြရန်နှင့် လူစုလူဝေး ကိုရှောင်ရှားကြရန် ၎င်းက အကြံပေးခဲ့သည်။  (Xinhua)