Connect with us

WORLD

COVID-19 ရောဂါ တိုက်ဖျက်ရေးကူညီရန် တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံ အစိုးရမှစေလွှတ်သော ဆေးပညာရှင်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ စေလွှတ်သော ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ရောဂါ တိုက်ဖျက်ရေး၌ ပါဝင်ကူညီရန်ဇွန် ၈ ရက်က ဒါကာမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး AK Abdul Momen က ဒါကာမြို့ရှိ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဇွန် ၈ ရက် မွန်းလွဲပိုင်းက ကြိုဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် လီကျိမင်လည်း အခြားသူများနှင့်အတူ လေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေကော်မရှင်မှ ဦးစီးထားသည့် အဖွဲ့ဝင် ၁၀ ဦးပါအဖွဲ့တွင် တရုတ်နိုင်ငံ တောင်ဘက်စွန်း ဟိုင်နန်ပြည်နယ်မှ ကျွမ်းကျင်သူများ ပါဝင်ကြောင်း သိရသည်။တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများသည် ကပ်ရောဂါထိန်းချုပ်ရေး၊ လူနာများကို ကုသရေးနှင့် ဓာတ်ခွဲစမ်းသပ်မှုများတွင် အကြံပြုဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မှ ဆေးပညာရှင်များကို လမ်းညွှန်ပေးခြင်းနှင့် လေ့ကျင့်ပေးခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သီတင်းပတ်နှစ်ပတ်ကြာ နေထိုင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Momen က လေဆိပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး မြှင့်တင်ရန် လာရောက်ကြသည့်အတွက် တရုတ်နိုင်ငံမှ ဆေးပညာရှင်အဖွဲ့အား ကျေးဇူးတင်ကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလမှစတင်ကာ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ရောဂါ ထိန်းချုပ်ရေး အရေးပေါ်လိုအပ်ချက်များဖြစ်သည့် ခွဲစိတ်ခန်းသုံးနှင့် N-95 နှာခေါင်းစည်း အခုရေ ၃ သန်းကျော်၊ တစ်ကိုယ်ရေ အကာအကွယ်ဝတ်စုံ ၁၁၀,၀၀၀ ကျော်၊ ရောဂါစမ်းသပ်ကိရိယာများ၊ ကိုယ်ပူချိန်တိုင်းကိရိယာများ၊ အသက်ရှူစက်များနှင့် သန့်စင်ပစ္စည်းများ ပမာဏများစွာ လှူဒါန်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး လီက ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန် ၈ ရက်အထိ COVID-19 ရောဂါဖြစ်ပွားကြောင်း အတည်ပြုလူနာ အရေအတွက် ၆၈,၅၀၄ ဦး ရှှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။  (Xinhua)