Connect with us

WORLD

နော်ဝေအပျော်စီးသင်္ဘောတွင် အစုလိုက်အပြုံလိုက်ရောဂါကူးစက်မှု ဖြစ်ပွားပြီးနောက်  သင်္ဘောခရီးစဉ်များ ခေတ္တရပ်ဆိုင်းလိုက်ရ

နော်ဝေနိုင်ငံ Tromsø မြို့ တွင် ဩဂုတ် ၂ ရက် က “Roald Amundsen”သင်္ဘောကြီးအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ) 

နော်ဝေHurtigrutenကုမ္ပဏီ၏အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက်ကူးစက်ခံရမှုအတွက် တောင်းပန်ကြောင်းနှင့် သင်္ဘောအပျော်စီးခရီးသွားအစီအစဉ်အားလုံးကို ခေတ္တရပ်နားလိုက်ပြီဖြစ်ကြောင်း ယင်းကုမ္ပဏီက ဩ ၃ ရက်တွင် ကြေညာခဲ့သည်။ 

ကနဦး ခန့်မှန်းသုံးသပ်ချက်များအရ လုပ်ငန်းလည်ပတ်မှုကွင်းဆက်တွင် လိုအပ်ချက်များရှိသောကြောင့် ယခုကဲ့သို့ ရောဂါအစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း Hurtigruten ကုမ္ပဏီ၏ CEO Daniel Skjeldam၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။ 

“ကျွန်တော်တို့မှာ လိုအပ်ချက်အမှားတွေရှိတာရယ်၊ အခုကာလတွေမှာ ကမ္ဘာတစ်ဝန်းရောဂါကူးစက်မှုတွေ တိုးပွားလာတာရယ်ကြောင့် နော်ဝေနဲ့နိုင်ငံတကာရေပိုင်နက်အတွင်း အပျော်စီးသင်္ဘောခရီးစဉ်အားလုံးကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာပါ”ဟု Daniel Skjeldam ဆိုသည်။ သို့သော် ကုမ္ပဏီ၏ ပြည်တွင်းရေကြောင်းသင်္ဘောခရီးစဉ်များကို ရပ်နားမည်မဟုတ်ကြောင်း သိရသည်။ 

နော်ဝေနိုင်ငံ Tromsø မြို့ တွင် ဩဂုတ် ၂ ရက် က “Roald Amundsen”သင်္ဘောကြီးအား တွေ့ရစဉ်(ဆင်ဟွာ)

Hurtigruten ကုမ္ပဏီပိုင် “Roald Amundsen”အပျော်စီးသင်္ဘောကြီးသည် ဇူလိုင် ၃၁ ရက်က နော်ဝေနိုင်ငံမြောက်ပိုင်းဆိပ်ကမ်းတွင် ရပ်နားထားစဉ် သင်္ဘောသား ၄ ဦးမှာ နေထိုင်မကောင်း၍ ဆေးရုံတွင် ဆေးကုသမှုခံယူရာမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း သိရသည်။ သင်္ဘောပေါ်ရှိ သင်္ဘောသား ၁၅၈ ဦးအား ဆေးစစ်ခဲ့ရာတွင် ၃၂ ဦးက ရောဂါကူးစက်ထားကြောင်း အတည်ပြုခဲ့သည်။ ရောဂါကူးစက်ခံရသူများအနက်  ၃၂ ဦးမှာ ဖိလစ်ပိုင်မှဖြစ်ပြီး ကျန်သူများမှာ နော်ဝေ၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသင်္ဘောသားများအားလုံးသည် မိမိနိုင်ငံမှ  နော်ဝေသို့ မထွက်ခွာမီ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း သင်္ဘောမတက်မီ နော်ဝေးတွင် ရောဂါစစ်ဆေးမှုနှင့် သီးခြားခွဲထားခြင်းများမလုပ်ခဲ့ကြောင်း Hurtigruten ကုမ္ပဏီက ဆိုသည်။

ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း “Roald Amundsen” သင်္ဘောကြီးသည် နော်ဝေနိုင်ငံတောင်ပိုင်း Bergenဆိပ်ကမ်းနှင့်အာတိတ်သမုဒ္ဒရာရှိ Svalbard ကျွန်းစုသို့ ခရီးစဉ်နှစ်ကြိမ်ပြေးဆွဲပြီးဖြစ်ရာ စုစုပေါင်း ခရီးသွား ၃၈၇ ဦးကို တင်ဆောင်ခဲ့ကြောင်း သိရသည်။ 

နော်ဝေ ပြည်သူ့ကျန်းမာရေးသုတေသနဌာန Tromsø မြို့ အစိုးရ၏ ထုတ်ပြန်ချက်များအရ ဩဂုတ် ၃ ရက် အထိ ခရီးသည် ၄ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု အတည်ပြုခဲ့ကြောင်း၊ ရောဂါကူးစက်ခံရသူ သင်္ဘောသား ၄၀ ဦးနှင့် ခရီးသည်အားလုံး Tromsø မြို့ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ ရာနှင့်ချီသည့် ခရီးသည်များကိုလည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း ရှိမရှိ စောင့်ကြည့်နေကြောင်း သိရသည်။ 

ဗိုင်းရပ်စ်ပိုးသည် သင်္ဘောမှတစ်ဆင့် ကမ်းပေါ်သို့ ကူးစက်ပျံ့နှံ့နိုင်သည်ကို သတိမူရန် လိုအပ်ကြောင်း၊ “Roald Amundsen”သင်္ဘောတွင် လိုက်ပါခဲ့သော ခရီးသည်များအနေဖြင့် မိမိတို့နေထိုင်ရာအရပ်တွင် 

ရောဂါ ပြန့်ပွားနိုင်သည့်အန္တရာယ်ရှိကြောင်း AP သတင်းဌာန၏ သတင်းများက ဆိုသည်။ ယခုရက်ပိုင်းအတွင်း သင်္ဘောတွင် လိုက်ပါဖူးသူများ၊၎င်းတို့နှင့်အနီးကပ်ထိတွေ့သူများအား ကျန်းမာရေး ဌာနနှင့် အမြန်ဆုံးဆက်သွယ်ရန် Tromsø မြို့အစိုးရက တိုက်တွန်းထားသည်။ COVID-19ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ကမ္ဘာ့ အပျော်စီးသင်္ဘောကြီးများတွင် အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုများ ဖြစ်ပွားခဲ့သည်။ 

ထိုမတိုင်မီ Hurtigruten ကုမ္ပဏီသည် အပျော်စီးသင်္ဘောခရီးစဉ်များကို ၃ လ ကြာ ယာယီရပ်ဆိုင်းထားခဲ့ပြီး ဇွန်လ လလယ်ပိုင်းတွင် ပြန်လည်လည်ပတ်ခဲ့ခြင်းဖြစ်ရာ ၎င်းမှာ လုပ်ငန်းများ ပြန်လည် လည်ပတ်သည့် ပထမအသုတ် အပျော်စီးခရီးသွားသင်္ဘောလုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။ 

ယခင်က အမေရိကန် Carnival Cruise Linesကုမ္ပဏီလက်အောက်ရှိ Diamond Princess သင်္ဘောကြီးအပါအဝင်  အပျော်စီးသင်္ဘောများတွင်လည်း အစုလိုက်အပြုံလိုက်ရောဂါကူးစက်မှုများ ဖြစ်ပွားခဲ့ရာ ယင်းကုမ္ပဏီသည်  မတ်လမှစ၍ ခရီးသွားအစီအစဉ်အများစုကို ယာယီရပ်နားခဲ့သည်။ ၎င်းကုမ္ပဏီ၏ လက်အောက်ရှိ AIDA Cruises အပျော်စီးသင်္ဘောသည်လည်း မူလစီစဉ်ထားသည့် ဩဂုတ်လအတွင်း ရက်တိုခရီးစဉ်ကို ဖျက်သိမ်းကြောင်းနှင့် ခရီးသွားများအား လျော်ကြေးပြန်အမ်း ပေးမည်ဖြစ်ကြောင်း ဩဂုတ် ၃ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)