Connect with us

WORLD

ဆိုးလ်မြို့တော်တွင် COVID-19 တစ်ကျော့ပြန်ဖြစ်ပွားခြင်းကြောင့် လူကိုယ်တိုင်တက်ရောက်သင်ကြားရသော အတန်းများပိတ်ထားမည်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ကျန်းမာရေးစင်တာတစ်ခုတွင် ရောဂါစစ်ဆေး စမ်းသပ်မှုခံယူနေသူများ အားတွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဩဂုတ်၂၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်၌ COVID-19 ရောဂါတစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာသဖြင့် မြို့တော်အတွင်းနှင့် အနီးဝန်းကျင်ရှိ ကျောင်းသားများကိုယ်တိုင် တက်ရောက်သင်ကြားရသော အတန်းများကို ပိတ်ထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဩဂုတ်၂၅ရက်တွင် ပြောကြားလိုက်သည်။

ဆိုးလ်မြို့တော်နှင့် အနီးတစ်ဝိုက်ရှိ ဂျောင်ဂီပြည်နယ်၊ အင်ချွန်းပြည်နယ်နှင့် ဆိုးလ်မြို့အနောက်ပိုင်းရှိ မူကြိုကျောင်းများ၊ မူလတန်းနှင့် အလယ်တန်းကျောင်းများ အားလုံးကိုဩဂုတ်၂၆ ရက်မှ စက်တင်ဘာ ၁၁ ရက် အထိ အဝေးမှလေ့လာသင်ယူခြင်း (အွန်လိုင်းမှတစ်ဆင့်စာသင်ခြင်း) ကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနနှင့် ဆိုးလ်မြို့တော်၊အင်ချွန်းနှင့် ဂျောင်ဂီပြည်နယ်များဆိုင်ရာ ပညာရေးရုံးများအရသိရသည်။

အထက်တန်းကျောင်းများ အနေဖြင့်မူ ယခုနှစ်နှစ်ကုန်ပိုင်းတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲများဖြေဆိုရန်ရှိသဖြင့် ယခုကန့်သတ်ချက်များမှ ခြွင်းချန်ထားမည်ဖြစ်ကြောင်းသိရသည်။တောင်ကိုရီးယားနိုင်ငံတွင် အထူးသဖြင့်မြို့တော်ဧရိယာ၌ COVID-19 ရောဂါ ဖြစ်ပွားသောအတည်ပြုလူနာများလတ်တလော မြင့်တက်လာသဖြင့် ယခုကဲ့သို့ကန့်သတ်ချက်များ ထွက်ပေါ်လာရခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံတွင် နောက်ဆုံးစာရင်းများအရ ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အနည်ပြုလူနာ၂၈၀ ကျော်ရှိခဲ့ရာ စုစုပေါင်း ရောဂါဖြစ်ပွားသူ ဦးရေ ၁၇,၉၄၅ အထိရောက်ရှိလာပြီဖြစ်သည်။ဆိုးလ်မြို့တော် ဧရိယာတွင် ဘုရားရှိခိုးကျောင်း ဝတ်ပြုမှုများနှင့် ဩဂုတ်လလယ်ပိုင်းက ဆိုးလ်မြို့လယ်၌ လူစုလူဝေးများနှင့် ဆက်စပ်၍ ရောဂါကူးစက်မှုများကြောင့် ပြီးခဲ့သည့်၁၂ ရက်အတွင်း အတည်ပြုလူနာ အရေအတွက်မှာ ၃,၁၇၅ ဦး အထိရောက်ရှိလာခဲ့ကြောင်းသိရသည်။၎င်းတို့အနက် ဆိုးလ်မြို့နှင့် အနီးဝန်းကျင်ဒေသများတွင် ကျောင်းသား ၁၅၀ ဦး၊ ကျောင်းဆရာ၊ ဆရာမများနှင့် အခြားစာသင်ကျောင်းဝန်ထမ်း ၄၃ ဦးတို့ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်းသိရသည်။  (Xinhua)