Connect with us

WORLD

COVID-19 ရောဂါအခြေအနေငြိမ်သက်သွားပြီးနောက် ကမ္ဘောဒီးယားနိုင်ငံတွင် ကျောင်းများပြန်ဖွင့်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ အထက်တန်းကျောင်းတစ်ခုတွင် စာမေးပွဲဖြေဆိုနေကြသော ကျောင်းသားကျောင်းသူများအား ၂၀၁၈ ခုနှစ် ဩဂုတ် ၂၀ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်မှုကြောင့် ၆ လကြာ ကျောင်းပိတ်ထားခဲ့ရပြီးနောက် ယနေ့စက်တင်ဘာ ၇ ရက်တွင် တစ်နိုင်ငံရှိ ကျောင်းများကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန ဝန်ကြီး Hang Chuon Naron က စာသင်ကျောင်းများကို ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အစောပိုင်းက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

၎င်းက ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအနေဖြင့် မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ထားရမည်ဖြစ်ကြောင်း ၊ ထို့ပြင် ခန္ဓာကိုယ်အပူချိန်တိုင်းတာခြင်း ၊ ဆပ်ပြာသို့မဟုတ် အရက်ပြန်ပါသောဆေးရည် သို့မဟုတ် လက်ဆေးရည်များဖြင့် မကြာခဏလက်ဆေးရမည်ဖြစ်ကြောင်း နှင့် စာသင်ခန်းအတွင်း တစ်ဦးနှင့်တစ်ဦး ၁ ဒသမ ၅ မီတာအကွာဖြင့် လူမှုဘဝခပ်ခွာခွာပုံစံဖြင့် စာသင်ကြားရမည်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ပညာရေးဝန်ကြီးက ခန္ဓာကိုယ်အပူချိန် ၃၇ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ် ထက်ကျော်လွန်နေသူ မည်သူမဆို ကျောင်းဝင်းထဲ ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။“ စာသင်ခန်းထဲမှာ ကျောင်းသားကျောင်းသူ ၂၀ ကနေ ၂၅ ထက် မပိုရပါဘူး” ဟု Chuon Naron က ပြောကြားခဲ့ပြီး ကျောင်းများအနေဖြင့် တစ်ပတ်လျှင် ကျောင်းတက်ရက် နှစ်ရက် သို့မဟုတ် သုံးရက် စီစဉ်ဆောင်ရွက်နိုင်ကြောင်း နှင့် ကျန်ရက်များကို နေအိမ်၌ နေထိုင်ပြီး သင်ယူလေ့လာမှုပြုလုပ်ရမည်ဖြစ်ကြောင်း ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 ရောဂါကူးစက်မှုကို အောင်မြင်စွာထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်။ နိုင်ငံအတွင်း ယနေ့အထိ ရောဂါကူးစက်ခံရသူပေါင်း ၂၇၄ ဦးရှိခဲ့ပြီး သေဆုံးသူတစ်ဦးမျှမရှိကြောင်း နှင့် အဆိုပါလူနာ ၂၇၄ ဦးစလုံး ပြန်လည်သက်သာကောင်းမွန်သွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)