Connect with us

WORLD

အမေရိကန်နိုင်ငံတွင် ကလေးနှင့်လူငယ်ပေါင်း ၆ သိန်းကျော် COVID-19 ရောဂါကူးစက်ခံခဲ့ရပြီး ကလေးလူငယ်ကူးစက်ခံရမှု ပိုမိုမြန်ဆန်လာ

အမေရိကန်နိုင်ငံတွင် ကလေးငယ်တစ်ဦး မြက်ခင်းပြင်ပေါ်တွင် ဆော့ကစားနေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကလေးငယ်ဆိုင်ရာသိပ္ပံအဖွဲ့အစည်း နှင့် ကလေးဆေးရုံအဖွဲ့ချုပ်တို့ ပူးပေါင်းထုတ်ပြန်ခဲ့သည့် နောက်ဆုံးကြေညာချက်အရ COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ လက်ရှိချိန်အထိ အမေရိကန်နိုင်ငံတွင် ကလေးနှင့်လူငယ်ပေါင်း ၆၂၀,၀၀၀ ကျော်ရောဂါကူးစက်ခံခဲ့ရပြီး လတ်တလောရက်ပိုင်းအတွင်း ကလေးငယ်ကူးစက်ခံရမှုက ပိုမိုမြန်ဆန်လာကြောင်း သိရှိရသည်။

ထုတ်ပြန်ကြေညာချက်တွင် အမေရိကန်နိုင်ငံ၌ စက်တင်ဘာ ၂၄ ရက် အထိ ကလေးလူငယ်ပေါင်း ၆၂၄,၈၉၀ ဦး COVID-19 ရောဂါ ကူးစက်ခံရပြီး အမေရိကန်နိုင်ငံရှိ ကလေးလူငယ် တစ်သိန်းတိုင်းတွင် ၈၂၉ ဦး က COVID-19 ရောဂါကူးစက်ခံရကြောင်း ၊ စက်တင်ဘာ ၁၀ ရက် မှ ၂၄ ရက် နှစ်ပတ်ကြာအချိန်အတွင်း အမေရိကန်နိုင်ငံရှိ COVID-19 ရောဂါ ကူးစက်ခံရသည့် ကလေးလူငယ်က ၅၄၉,၄၃၂ ဦးမှ ၆၂၄,၈၉၀ ဦးအထိ တိုးမြင့်လာခဲ့ပြီး ကလေးလူငယ်ပေါင်း ၇၅,၀၀၀ ကျော် ရောဂါထပ်မံ ကူးစက်ခံခဲ့ရကာ ၁၄ ရာခိုင်နှုန်းခန့် တိုးမြင့်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ပြည်နယ်ပေါင်း ၂၁ ခု က ပြည်နယ်တစ်ခုစီတိုင်းတွင် COVID-19 ရောဂါ ကူးစက်ခံရသည့်ကလေးနှင့်လူငယ် တစ်သောင်းကျော်စီ ရှိကြကြောင်း ပါဝင်ခဲ့သည်။

ထို့ပြင်ထုတ်ပြန်ကြေညာချက်တွင် အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်ခံရသူများအနက် ကလေးနှင့်လူငယ်က ဝ.၅ မှ ၃.၇ ရာခိုင်နှုန်းအထိရှိကြောင်း ၊ COVID-19 ရောဂါကြောင့် ကလေးလူငယ် သေဆုံးမှုက ဝ.၂၆ ရာခိုင်နှုန်းအောက်တွင်ရှိကြောင်း ၊ အမေရိကန်နိုင်ငံ ဒေသအသီးသီး အနေဖြင့် ကလေးလူငယ်၏ အသက်အရွယ်သတ်မှတ်ချက်က မတူညီကြဘဲ အချို့ပြည်နယ်များက အသက်အရွယ်အား အကြီးဆုံး ၁၉ နှစ် အဖြစ်သတ်မှတ်ခဲ့ပြီး အချို့ပြည်နယ်က ၀ မှ ၁၄ နှစ် အထိ သတ်မှတ်ကြောင်း ပါဝင်ခဲ့သည်။

အမေရိကန်နိုင်ငံ ကလေးလူငယ်ဆိုင်ရာသိပ္ပံအဖွဲ့အစည်းက လက်ရှိချိန်ထိ COVID-19 ရောဂါ ကူးစက်ခံရသည့်ကလေးငယ် ရောဂါလက္ခဏာပြင်းထန်ခြင်းက အလွန်နည်းပါးသော်လည်း ပြည်နယ်အသီးသီး အနေဖြင့် ရောဂါစစ်ဆေးမှု ၊ ကူးစက်ခံရမှုနှင့် ဆေးရုံ၌ကုသမှု အခြေအနေတို့ကို တင်ပြရန်လိုအပ်ကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးသူ၏ အသက်အရွယ်နှင့် လူမျိုးအချက်အလက်များကို အသေးစိတ်တင်ပြခြင်းဖြင့် ဆက်လက်၍ COVID-19 ရောဂါက ကလေးလူငယ်များ၏ ကျန်းမာရေးအပေါ် သက်ရောက်မှု ကို လေ့လာသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  (Xinhua)