Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၉ သန်းကျော်အထိ ရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ထုတ်ပြန်

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားစဉ်အတွင်း နှာခေါင်းစည်းတပ်၍ သွားလာနေသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အောက်တိုဘာ ၃၀ ရက်ထုတ်ပြန်ကြေညာချက်အရ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၉ သန်းကျော်အထိ ရောက်ရှိလာကြောင်းသိရှိရသည်။

အောက်တိုဘာ ၃၀ ရက် အမေရိကန်နိုင်ငံအရှေ့ပိုင်းစံတော်ချိန် ၁၅ နာရီ ၂၄ မိနစ် အချိန်ထိ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၉,၀၀၇,၂၉၈ ဦးအထိရောက်ရှိလာ ခဲ့ပြီး ရောဂါကြောင့်သေဆုံးသူစုစုပေါင်း ၂၂၉,၂၉၃ ဦးအထိရှိခဲ့ကြောင်း ၊ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ရောဂါကူးစက်ခံရသူအများဆုံးနှင့် ရောဂါကြောင့်သေဆုံးသူ အများဆုံးဖြစ်ပွားခဲ့သည့်နိုင်ငံဖြစ်ကြောင်းသိရှိရသည်။

လက်ရှိချိန်တွင် အမေရိကန်နိုင်ငံ၌ ရောဂါကူးစက်မှုအများဆုံးဖြစ်ပွားခဲ့သည့်ပြည်နယ်မှာ ကယ်လီဖိုးနီးယားပြည်နယ် ဖြစ်ပြီး ကူးစက်ခံရသူစုစုပေါင်း ၉၂၅,၅၀၉ ဦးရှိကြောင်း ၊ ဒုတိယအများဆုံးကူးစက်မှုဖြစ်ပွားခဲ့သည့်ပြည်နယ်မှာ တက္ကဆက်ပြည်နယ်ဖြစ်ပြီး ကူးစက်ခံရသူ စုစုပေါင်း ၉၁၉,၆၆၁ ဦးရှိကြောင်း ၊ ဖလော်ရီဒါ ပြည်နယ်တွင် ကူးစက်ခံရသူစုစုပေါင်း ၈ သိန်းခန့်ရှိခဲ့ပြီး နယူးယောက်ပြည်နယ်တွင် ကူးစက်ခံရသူ ၅ သိန်းကျော်ရှိကြောင်း ၊ ကူးစက်ခံရသူ ၂၃၀,၀၀၀ အထက်ရှိသည့် အခြားပြည်နယ်များက အီလီနွိုက်ပြည်နယ် ၊ ဂျော်ဂျီယာပြည်နယ် ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ၊ တင်နက်ဆီ ပြည်နယ် ၊ အရီဇိုးနားနှင့်နယူးဂျာစီပြည်နယ် တို့ဖြစ်ကြောင်းသိရှိရသည်။

စာရင်းပြုစုချက်အရ အမေရိကန်နိုင်ငံတွင် သြဂုတ် ၃၁ ရက်တွင် ရောဂါကူးစက်ခံရသူ ၆ သန်းကျော်အထိရောက်ရှိခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် ၇ သန်းကျော်အထိရောက်ရှိခဲ့ကြောင်း ၊ အောက်တိုဘာ ၁၆ ရက်တွင် ၈ သန်းကျော်အထိရောက်ရှိလာခဲ့ပြီး  ကူးစက်ခံရသူ ၆ သန်း မှ ၇ သန်း အထိရောက်ရှိချိန်က အချိန် ၂၅ ရက်သာကြာမြင့်ခဲ့ကြောင်း ၊ ကူးစက်ခံရသူ ၇ သန်း မှ ၈ သန်း အထိ ရောက်ရှိချိန်က ၂၁ ရက်ကြာမြင့်ခဲ့ပြီး ကူးစက်ခံရသူ ၈ သန်း မှ ၉ သန်းအထိ ရောက်ရှိချိန်က အချိန် ၁၄ ရက်သာကြာမြင့်ခဲ့ကြောင်း ၊ အောက်တိုဘာ ၂၉ ရက် တွင် အမေရိကန် နိုင်ငံ၌ ကူးစက်ခံရသူ ၈၈,၅၂၁ ရှိခဲ့ပြီး  တစ်နေ့တည်းတွင် ကူးစက်ခံရသူအများဆုံး စံချိန်တင်ခဲ့ကြောင်း သိရှိရသည်။  (Xinhua)