Connect with us

WORLD

ကမ္ဘောဒီးယားနိုင်ငံတွင် COVID-19 ရောဂါသည်တစ်ဦးနှင့် ထိတွေ့မိသူ ၁,၄၂၀ ဦးတွင် ပိုးကင်းရှင်းကြောင်း စစ်ဆေးပြီးနောက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုရှိ ရုပ်ရှင်ရုံသို့ ဝင်ရောက်မည့်သူများအား ခန္ဓာကိုယ်အပူချိန်တိုင်းတာနေသည်ကို ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ကမ္ဘောဒီးယားနိုင်ငံတွင် အစောပိုင်းက COVID-19 ကူးစက်ခံရသောဧည့်သည်တစ်ဦးနှင့် ထိတွေ့မိသူ ၁,၄၂၀ ဦးခန့်တွင် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ပြီးနောက် စာသင်ကျောင်းများ၊ ပြတိုက်များ၊ ရုပ်ရှင်ရုံများနှင့် မင်္ဂလာဆောင်အခမ်းအနားများ အားလုံးပြန်လည်ဖွင့်လှစ်ကျင်းပရန် ဝန်ကြီးချုပ် Samdech Techo Hun Sen က ခွင့်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါ ပြန်လည်ဖွင့်လှစ်မည့် ကြေညာချက်ကို နိုဝင်ဘာ ၁၈ ရက်ညပိုင်းက အများပြည်သူထံပြောကြားခဲ့သည့် ရေဒီယိုသတင်းစကား၌ Hun Sen က ပြောကြားခဲ့ခြင်းဖြစ်သည်။Hun Sen သည်လည်း နိုဝင်ဘာ ၁၈ ရက်က ၎င်း၏နောက်ဆုံးဆေးစစ်မှုတွင် ရောဂါပိုးမရှိကြောင်း ရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် ၁၄ ရက်ကြာ တစ်ကိုယ်ရေးသီးခြားနေထိုင်ခြင်း ပြီးဆုံးခဲ့ကြောင်း သိရသည်။

ဖနွမ်းပင်နှင့် တောင်ပိုင်း Kandal ပြည်နယ်ရှိ စာသင်ကျောင်းများအပြင် နိုင်ငံတစ်ဝန်းရှိ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးနေရာများကို ဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ရန် ပိတ်ထားခဲ့ခြင်းဖြစ်သည်။ပညာရေးဝန်ကြီးဌာန ဝန်ကြီး Hang Chuon Naron က ဝန်ကြီးချုပ်၏ ကြေညာမှုအပြီး ထုတ်ပြန်သည့် ကြေညာချက်တစ်ခု၌ ပညာရပ်ဆိုင်ရာတက္ကသိုလ်များအားလုံးကို နိုဝင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး Phoeurng Sackona ကလည်း ယခုမှစတင်ကာ ပြတိုက်များ၊ ရုပ်ရှင်ရုံများနှင့် အနုပညာတင်ဆက်မှုနေရာများကို ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)