Connect with us

WORLD

COVID-19 ရောဂါကူးစက်မှုမြင့်မားလာခြင်း နှင့် တုံ့ပြန်ကိုင်တွယ်ပုံအားနည်းခြင်းကြောင့် အမေရိကန် အဓိကဆေးရုံကြီး လူနာများဖြင့် ပြည့်နှက်လုနီးပါးဖြစ်နေ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ‌ဂျော့ဝါရှင်တန်ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများက COVID-19 လူနာတစ်ဦးအား ဆေးရုံကားပေါ်မှ သယ်ဆောင်နေသည်ကို ဧပြီ ၂၇ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုမြင့်မားလာခြင်း နှင့် အစိုးရ၏ တုံ့ပြန်ကိုင်တွယ်ပုံ အားနည်းခြင်းကြောင့် အန္တရာယ်ရှိပြီး ပုံမှန်မဟုတ်သော ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် အမေရိကန်နိုင်ငံ၌ အဓိကဦးဆောင်ဦးရွက်ပြုလုပ်နေသည့် ဆေးရုံကြီးတစ်ခုဖြစ်သော Nebraska ပြည်နယ် တက္ကသိုလ် ဆေးရုံကြီးတစ်ခုလုံးသည် လူနာများဖြင့် ပြည့်နှက်လုနီးပါး ဖြစ်နေကြောင်း ဆေးဘက်ဆိုင်ရာ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

နိုင်ငံ၏ တစ်ခုတည်းသော ပြည်နယ်ကွာရတင်း(q)နေရာ နှင့် အကြီးမားဆုံး ဇီဝထိန်းချုပ်ရေးဌာနတစ်ခုဖြစ်သည့် Nebraska ပြည်နယ် Omaha မြို့ရှိ ဆေးရုံကြီးသည် အမေရိကန်နိုင်ငံတွင် ကပ်ရောဂါထိန်းချုပ်ကိုင်တွယ်ရန် အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်ထားရှိသည့် ဆေးရုံကြီးတစ်ခုဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် Atlantic မဂ္ဂဇင်းမှ ထုတ်ပြန်သော သတင်းဆောင်းပါးတစ်ပုဒ်အရ သိရသည်။

၂၀၀၃ ခုနှစ်က SARS ရောဂါ ကူးစက်ပျံ့နှံ့မှုဖြစ်ပွားပြီးနောက် ယင်းဆေးရုံရှိ ဝန်ထမ်းများကို အထူးပြင်ဆင်ဆောင်ရွက်ထားခဲ့ကြောင်း နှင့် အီဘိုလာကဲ့သို့သော ကူးစက်ရောဂါ ကိုင်တွယ်ထိန်းချုပ်ရာတွင် အတွေ့အကြုံကောင်းများစွာနှင့်အတူ ကပ်ရောဂါအတွက် အသေးစိတ်အစီအစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိသည့် ဆေးရုံကြီးတစ်ခု ဖြစ်ကြောင်း သတင်းက ဆိုသည်။
သို့သော်လည်း ဆေးရုံကြီးသည် ယခုအခါ “ လုံးဝအဆုံးစွန် အဆိုးရွားဆုံးအနေအထားတစ်ခု” သို့ရောက်ရှိနေကြောင်း ကူးစက်ရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီး Angela Hewlett ၏ ပြောကြားချက်ကို ကိုးကား၍ The Atlantic က ရေးသား ဖော်ပြခဲ့သည်။
Nebraskans တွင် နေ့စဉ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၄၀၀ ခန့်ရှိနေပြီး ဆေးရုံကြီးရှိ အဆောင် ၁၀ ခုစလုံးကို COVID-19 ရောဂါကုသဆောင်များအဖြင့် ပြောင်းလဲထားခဲ့ရကြောင်း ၊ ယင်းတို့အနက် အဆောင်သုံးခုကို အထူးကြပ်မတ်ဆောင် နှင့် တစ်ခုကို ရောဂါသက်သာလာသူများအတွက် ကုသဆောင်အဖြစ် ပြုလုပ်ထားကြောင်း သတင်းက ဆိုသည်။

ဆေးရုံတွင် ဝန်ထမ်းအင်အားမလုံလောက်မှု နှင့် ကုတင်များ အကန့်အသတ်ဖြင့် ရှိနေခြင်းကြောင့် လေဖြတ်ရောဂါဝေဒနာသည်များနှင့် အခြား ချက်ချင်းကုသရန်လိုအပ်သော ရောဂါရှင်များသည် ပုံမှန်ဆေးကုသမှု မရရှိဘဲ ဖြစ်နေကြောင်း သတင်းက ဆိုသည်။

“ ကျွန်တော်တို့မျက်စိရှေ့မှာပဲ စနစ်တစ်ခုလုံး ကျိုးပျက်သွားတာကို ထိုင်ကြည့်နေရပါတယ်။ အဲဒါကိုရပ်တံ့ပစ်ဖို့ ကျွန်တော်တို့အကူအညီမဲ့နေတယ်” ဟု အရေးပေါ်ကုသရေးဆရာဝန် Kelly Cawcutt ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင်ဖော်ပြထားသည်။နောက်ထပ်အရေးပေါ်ကုသရေးဆရာဝန်တစ်ဦးဖြစ်သူ Dan Johnson က “ ကိုရိုနာဗိုင်းရပ်စ်ဟာ ရပ်တံ့ပစ်လို့မရနိုင်တဲ့အရာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အမေရိကန်အစိုးရဟာ အဲဒါကို ရပ်တံ့ပစ်ဖို့ ဘယ်တုန်းကမှ ပြင်းပြင်းထန်ထန်အားစိုက်မှုမလုပ်ခဲ့ဘူး ၊ ဆေးရုံတွေကို လုပ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုဆီ ဖန်တီးတွန်းပို့ခဲ့တယ်” ဟု ပြောကြားခဲ့ကြောင်း သတင်းကဆိုသည်။ ထို့ပြင် နိုဝင်ဘာ ၁၇ ရက်က Nebraska ပြည်နယ်အုပ်ချုပ်ရေးမှူး Pete Ricketts သည် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး အမိန့်ထုတ်ပြန်ပေးရန်နောက်ထပ်တစ်ကြိမ်ငြင်းဆိုခဲ့ကြောင်းလည်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူပေါင်း ၁၂ သန်းကျော်အထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး သေဆုံးသူ ၂၅၆,၀၀၀ ကျော်ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ချက်အရ သိရသည်။
“ လူနာတွေရဲ့ တိုးတိုးလာတဲ့ လှိုင်းလေးတစ်ခုအတွက်တော့ ကျွန်တော်တို့ ပြင်ဆင်လို့ရတယ်၊ ဒါပေမယ့် လူနာတွေအများကြီးတိုးလာတဲ့ ဆူနာမီလှိုင်းကြီးတစ်ခုအတွက်တော့ ကျွန်တော်တို့ မပြင်ဆင်နိုင်ပါဘူး” ဟု Cawcutt ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းက ဆိုသည်။(Xinhua)