Connect with us

Agriculture

လယ်ပိုင်ဆိုင်ခွင့် ပုံစံ ၇ အမြန်ရရေး ဝန်ကြီးဌာနက ထိရောက်စွာ ဆောင်ရွက်ရန် လွှတ်တော် ဥက္ကဌ တိုက်တွန်း

ပြည်သူ့  လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်အား ယနေ့ လွှတ်တော် အစည်းအဝေးတွင် တွေ့ ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

လယ်ယာမြေ တရားဝင် ဝယ်ယူပြီးသော်လည်း ဝယ်သူ အမည်ပေါက် ပုံစံ(၇) မရသေးသဖြင့် စိုက်ပျိုးစရိတ်ချေးငွေ မရရှိခြင်း၊ အချိန်မီ စိုက်ပျိုးခွင့် မရခြင်း တို့ ကြုံတွေ့နေရသော လယ်သမား များအတွက် ပုံစံ (၇) အမြန်ရရှိစေရန် ဝန်ကြီးဌာနက ထိထိရောက်ရောက် ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တိုက်တွန်း ပြောကြားခဲ့သည်။

“တချို့ဝန်ထမ်းတွေက ငွေပေးငွေယူရှိနေ တယ်။ ဒီငွေပေးငွေယူကြောင့် ကြန့်ကြာတယ်။ စိုက်ပျိုးစရိတ်ချေးငွေ မရတဲ့အခါကျတော့ လယ်သာ ဝယ်ထားတယ်၊ စိုက်ပျိုးစရိတ် ချေးငွေလည်းမရ၊ လယ်လည်း စိုက်ခွင့်မရဆိုတော့ ဒီအခက်ခဲက တော်တော်ကျပ်တည်းပါတယ်။ ဒါကြောင့်မို့လို့ အဲဒီလို ဝန်ထမ်းတွေရှိရင်လည်း တိတိကျကျ ဆည်မြောင်းဝန်ကြီးဌာနကို တိုင်လို့ ရတယ်။ ဘာမှ အားမနာနဲ့ ရာထူးနဲ့၊ နာမည်နဲ့၊ ဌာနနဲ့ တိတိကျကျတိုင်။ နာမည်နဲ့ လိပ်စာနဲ့ မှတ်ပုံတင်နဲ့ သေချာတိုင်၊ ကျွန်တော့် ဆီလည်း မိတ္တူပေး၊ ဝန်ကြီးဌာနကလည်း ဒါကိုတော့ ထိထိရောက်ရောက် လုပ်ပေးပါ” ဟု ၎င်းက ပြောခဲ့သည်။

ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချို၏ “လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ဝယ်ယူထားသော တောင်သူများ လုပ်ကိုင်ခွင့် ရရေးနှင့် လိုအပ်သော ငွေကြေး အဆင်ပြေစေရန် သက်ဆိုင်ရာ လယ်စီအဖွဲ့၏ ထောက်ခံချက်ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ဝယ်ယူထားသူ၏ နာမည်ဖြင့် စိုက်ပျိုးစရိတ် ထုတ်ပေးရန် အစီအစဉ် ရှိ မရှိ” ဟူသည့် မေးခွန်းအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေ ညွှန်ကြားချက်ပါ ငွေချေးစည်းကမ်း သတ်မှတ်ချက် အတိုင်း “သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) ရရှိပြီးသူ ဖြစ်ရမည်” လို့ သတ်မှတ်ထားပါကြောင်း၊ သို့ရာတွင် တောင်သူများ ချေးငွေရနိုင်မှု အခွင့်အရေး မဆုံးရှုံးစေရန် သက်ဆိုင်ရာ ဦးစီးဌာနများက စိစစ် ထောက်ခံပြီး ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက်ဖြင့် ချေးငွေများ ထုတ်ချေး လျက်ရှိကြောင်း ဖြေကြားခဲ့သည်။

ထိုသို့ ထပ်ဆင့်ထောက်ခံချက် ရရှိရန် မြေစာရင်း ဦးစီးဌာနနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများအား တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲနှုန်းခန့်ပေးရခြင်းအတွက် ဝန်ကြီးဌာနက မည်သည်သို့ ဖြေရှင်းပေးမည်နည်း ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက ဆက်စပ်မေးခွန်း မေူမြန်းခဲ့ခြင်းနှင့် ပတ်သက်ုပြီး ပြည်သူ့ လွှတ်တော်ဥက္ကဌက ဝန်ကြီးဌာနအား တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)