Connect with us

Agriculture

၂၀၁၆ – ၁၇ တွင် လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ကျပ် ၁,၇၀၀ ဘီလီယံ ထုတ်ချေးမည်

ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၁,၇၀၀ ဘီလီယံ ထုတ်ချေးမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။

“ပြီးခဲ့တဲ့ ဆယ်နှစ်တာကာလအတွင်း စိုက်ပျိုးစရိတ် ချေးငွေတွေကို ပြန်ကြည့်ရင် ၂၀၀၆ -၂၀၀၇ ဘဏ္ဍာနှစ်မှာ ကျပ် ၄၄.၈၇ ဘီလီယံ ချေးခဲ့ရာက ချေးငွေပမာဏ တဖြည်းဖြည်း မြင့်တက်လာပြီး ၂၀၁၄ – ၂၀၁၅ မှာ ကျပ် ၁,၁၆၇.၄၈ ဘီလီယံ အထိ ထုတ်ချေးနိုင်ခဲ့ပါတယ်။ ၂၀၁၅ -၂၀၁၆ မှာတော့ ကျပ် ၁,၀၉၁.၄၈ ဘီလီယံပဲ ချေးနိုင်ခဲ့ပါတယ်။ အခု ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှာ ကျပ် ၁,၇၀၀ ဘီလီယံ ထုတ်ချေးဖို့လျာထားပါတယ်” ဟု ၎င်းက လွှတ်တော်သို့ပြောခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးက မြန်မာ့ စိုက်ပျိုးရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေးဘဏ်၏ အရှုံးအမြတ် ဆိုင်ရာ နှစ်ချုပ် အစီရင်ခံစာ ထုတ်ပေးနိုင်ခြင်း ရှိ မရှိ ဟူသည့် အမေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
သီးနှံအလိုက် ချေးငွေများတွင် စပါးအတွက် ချေးငွေသည် စုစုပေါင်း ချေးငွေ၏ ၉၁ ရာခိုင်နှုန်း နီးပါး ရှိသည်ဟု ဆိုသည်။
မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် ၂၀၀၆ -၂၀၀၇ ဘဏ္ဍာနှစ်မှ ၂၀၁၄ – ၂၀၁၅ ဘဏ္ဍာနှစ်အထိ အသားတင် အမြတ် စုစုပေါင်း ကျပ် ၅၇.၇၄ ဘီလီယံ ရရှိခဲ့ပြီး နိုင်ငံတော်သို့ ကျပ် ၄၅.၀၅၄ ဘီလီယံ ထည့်ဝင် နိုင်ခဲ့သော်လည်း ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်တွင်မူ ကျပ် ၁၀.၈၂၃ ဘီလီယံ အရှုံးပေါ်ခဲ့သည်။ ၎င်းကလည်း စာရင်းအရ ရှုံးခြင်းသာ ဖြစ်ပြီး ငွေသား ဆုံးရှုံးသွားသည်ဟု မှတ်ယူ၍ မရကြောင်း ဒေါက်တာ အောင်သူက ရှင်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.