Connect with us

Culture & Entertainment

ပြတိုက်များပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားလာပါက သက်ဆိုင်ရာ ပြတိုက်များအလိုက် ခွင့်ပြု လူဦးရေဖြင့် ဝင်ရောက်ကြည့်ရှု နိုင်ရန် စီမံဆောင်ရွက်ထား

အမျိုးသားပြတိုက် (ရန်ကုန်)၌ ခင်းကျင်းပြသထားမှုများအား တွေ့ရစဉ်(ဓာတ်ပုံ - moculture.gov.mm )

ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ကပ်ရောဂါဘေးကြောင့် ပြတိုက်များကို ယာယီပိတ်ထားသော်လည်း ပြတိုက်များပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားလာပါက သက်ဆိုင်ရာ ပြတိုက်များအလိုက် သတ်မှတ်ခွင့်ပြု လူဦးရေဖြင့်ဝင်ရောက်ကြည့်ရှုခွင့်ပြု သွား နိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။

ထိုကဲ့သို့ ပြန်လည်ဝင်ရောက် ကြည့်ရှုခွင့်ပြုရာတွင် ပြတိုက်များ၏ အရွယ်အစား ၊ ပြခန်းများ၏ အရွယ်အစားအလိုက် တစ်ကြိမ်လျင် ခွင့်ပြုနိုင်မည့် ကန့်သတ်လူဦးရေကိုသာ ဝင်ရောက်ကြည့်ရှု စေမည် ဖြစ်ကြောင်း ၊ ပြတိုက်များအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် လူစုလူဝေးဖြစ်ပွားစေခြင်း မရှိစေရန်အတွက် ပြတိုက်သို့လာရောက်လေ့လာလိုသူများအနေဖြင့် မိမိလေ့လာလိုသည့် ပြတိုက်သို့ မိမိလေ့လာလိုသည့် အချိန်၊ နေ့ရက်တို့ကို Online စနစ်ဖြင့် registration ပြုလုပ်ထားရန် လိုအပ်မည်ဖြစ်ကြောင်း နှင့် ပြတိုက်လေ့လာသူများအနေဖြင့် Online စနစ်ဖြင့် ကြိုတင် မှတ်ပုံတင် ခြင်းကို https://museumsmyanmar.com တွင် ဝင်ရောက် Registration ပြုလုပ်နိုင်ကြောင်း သိရသည်။

အဆိုပါ online registration ပြုလုပ်ခြင်း ကြောင့် ပြတိုက် လေ့လာသူများ အနေဖြင့်လက်မှတ်ဝယ်ယူရန် စောင့်ဆိုင်းရခြင်း၊လူအများနှင့်ထိတွေ့ဆက်ဆံရခြင်းများမှရှောင်ရှားနိုင်မည်ဖြစ်ပြီး ပြခန်းများအတွင်း ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အေးချမ်းစွာ လေ့လာ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင်အမျိုးသားပြတိုက်(နေပြည်တော်)၊ အမျိုးသားပြတိုက် (ရန်ကုန်) ၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်နှင့် မန္တလေးမြနန်းစံကျော် ရွှေနန်းတော်တို့အတွက် online registration စနစ်ကို အသုံးပြု နိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း ၊ ကျန်ရှိသော ပြတိုက်များကိုလည်း Online registration စနစ်ကို တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း ၊ ထို့အပြင် ပုဂံဒေသရှိ ဘုရား၊ ပုထိုးစေတီများအား ပြန်လည်ဖူးမြော်ခွင့်ပြု သည့် အချိန်တွင် သတ်မှတ်လူဦးရေဖြင့် အချိန်အပိုင်း အခြားအလိုက် ဖူးမြော် ခွင့်ပြုနိုင်ရေးအတွက်လည်း အဆိုပါ Online registration စနစ်ကို ကျင့်သုံးသွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။ (Xinhua)