Connect with us

Culture & Entertainment

ပုပ္ပားတောင်၏ မီးတောင်၀ (ခေါ်) ချွန်းမလွန်းချောက်ထဲတွင် ရှိသည့် ပုပ္ပားမျောက်မျိုးစိတ်သစ် သည်မြန်မာတစ်နိုင်ငံတည်းတွင်ရှိသောမျောက်မျိုးစိတ်ဖြစ်လာ

ပုံစာ--မြန်မာနိုင်ငံတွင်သာရှိသည့် ပုပ္ပားမျောက်မျိုးစိတ်သစ် (Popa Langur – Trachypithecus popa) အားတွေ့ရစဉ် (ဓာတ်ပုံ-- F.F.I)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပုပ္ပားတောင် (မီးငြိမ်တောင်)၏ မီးတောင်၀ ခေါ် ချွန်းမလွန်းချောက်ထဲတွင် ရှိသည့် မျောက်မျိုးစိတ်သစ် တစ်မျိုးဖြစ်သော မြန်မာအမည်ပုပ္ပါးမျောက်မြီးရှည်ခေါ်(Popa Langur Trachypithecus popa) သည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းတွင် သာရှိသည့် မျိုးစိတ်ဖြစ်လာကြောင်း သားငှက်ထိန်း သိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) ထံမှ သိရသည်။

ပုပ္ပါးတောင်ချစ်သူများအသင်းမှ တာဝန်ရှိသူ ဦးကျော်ဝင်းဆွေက “မြန်မာပြည်ရဲ့ နေရာသုံး၊လေး ခုလောက်မှာတွေ့ရတဲ့ မျောက်မျက်ကွင်းဖြူမျိုးထဲကနေမှ မျိုးစိတ်တစ်ခုတွေ့တယ်လို့ သတင်းထုတ်တာပါ။ မျောက်မျက်ကွင်းဖြူနဲ့ မျိုးစိတ်နည်းနည်းကွဲတယ်လို့ သိရပါတယ်။’’ ဟု ဆင်ဟွာသို့ နိုဝင်ဘာ ၂၇ ရက်တွင်ပြောသည်။

ပုပ္ပားမျောက်မျိုးစိတ်သစ်(Popa Langur – Trachypithecus popa)အား မျိုးရိုးဗီဇ(DNA)စမ်းသပ်မှုကို ၂၀၁၀ ပြည့်နှစ်ကတည်းက ဒေါက်တာနော်မေလေးသန့်က ပါရဂူဘွဲ့စာတမ်းအတွက် စလုပ်ဖြစ်ခဲ့ကြောင်း၊ ယင်းအချိန်ကတည်းက ယခုတွေ့ရှိသည့် မျောက်မျိုးများ၏ DNA ရလဒ်မှာ ယခင်ကခေါ်ခဲ့သည့် Phayre’s Langur- Trachypithecus Phayrel နှင့်မတူဘဲ ကွဲပြားနေခဲ့ကာ DNA စမ်းသပ်မှုများ များများထပ်လုပ်ရန် လိုအပ်ကြောင်းကို ဒေါက်တာနော်မေလေးသန့်နှင့် တာဝန်ရှိသူများက သိထားခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် လေ့လာစမ်းသပ်မှုများ ထပ်လုပ်ဖြစ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ပညာရှင်များရော နိုင်ငံတကာမှ ပညာရှင်များပါ အတော်များများ ပါဝင်လုပ်ကိုင်ခဲ့ကြောင်းသိရသည်။

 

ပုပ္ပားမျောက်မျိုးစိတ်သစ် (Popa Langur – Trachypithecus popa) မျောက်များကို ရှမ်းပြည်နယ် ပန်းလောင်ပြဒါးလင်း၊ပဲခူးရိုးမ၊ ကရင်ပြည်နယ် ရသေ့ပျံတောင် ဒေသများမှာ တွေ့ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံကလွဲပြီး အခြားနိုင်ငံများမှာ မရှိကြောင်း၊ ၎င်းမျောက်များ မြန်မာနိုင်ငံ၌ မျိုးတုန်း သွားပါက ကမ္ဘာပေါ်မှ ပုပ္ပားမျောက်မျိုးစိတ်များ ပျောက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါမျောက်များသည် အပင်ကြီးများ အုံ့အုံ့ဆိုင်းဆိုင်း ရှိသည့် တောမျိုးများတွင် အများအားဖြင့် အနေများကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။

“အဲဒီမျောက်တွေရှိတဲ့နေရာကို ပုပ္ပားတောင်သစ်တောဦးစီးဌာနက ထိန်းသိမ်းကာကွယ်ထားသည့် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။’’ ဟု ဦးကျော်ဝင်းဆွေကဆက်ပြောသည်။

ပုပ္ပါးတောင်ကလပ်တွင် မျောက်များအား COVID-19 ကာလတွင်ဂေါပကအဖွဲ့မှ ကျွေးမွေးကြောင်း၊ မျောက်အကောင်ရေ ၅၀၀ ဝန်းကျင်ခန့်ရှိကြောင်း၊တောင်မကြီးတွင် နေသောမျောက်သည် တောင်အောင်သို့မဆင်းကြောင်း သိရသည်။

ပုပ္ပါးတောင်မကြီးပေါ်တွင် မျောက်ညို၊ မျောက်မျက်ကွင်းဖြူတို့ နေထိုင်ကြောင်း၊ မျောက်မျက်ကွင်းဖြူမှာ လူမြင်မခံကြောင်း၊ မီးတောင်ဝချောက်ထဲတွင် နေကြကြောင်း၊ မီးတောင်ဝ၏ တောင်ပေါ်၊ တောင်လတ်၊ တောင်ခြေရင်းတွေ နေထိုင်ကြကြောင်း၊ အဆိုပါမျောက်အုပ်မှာ အကောင်၁၀၀ ဝန်းကျင် မျောက်အုပ်စု ၃ အုပ်စုရှိကြောင်း ဦးကျော်ဝင်းဆွေကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.