Connect with us

Culture & Entertainment

မြန်မာ့ ရှေးဟောင်း ရွှေထည်များ အထူးပြပွဲ ၁၈ ရက်တိုင် ကျင်းပ

သာသနာရေးနှင့် ယဉ်ကျးမှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရ ဦးအောင်ကိုက ပြပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂ ရက်(ဆင်ဟွာ)

ရှေးဟောင်း မြန်မာ့ လက်ဝတ်ရတနာများ အထူးပြပွဲ(Special Exhibition of Ancient Myanmar Jewellery) ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက နေပြည်တော် အမျိုးသား ပြတိုက်၌ မေလ ၂ ရက်မှ ၁၉ ရက်နေ့အထိ ၁၈ရက် တိုင် ကျင်းပမည်ဖြစ်ရာ ယနေ့ နံနက် ၁၀ း ၀၀ နာရီတွင် စတင်ဖွင့်လှစ်ခဲ့သည်။

“ပန်းဆယ်မျိုးအတတ်ပညာထဲက ပန်းထိမ်ပညာနဲ့ ခေတ်အဆက်ဆက် မြန်မာလူမျိုးတို့ အသုံးပြု ဝတ်ဆင်ခဲ့တဲ့ ရွှေထည် လက်ဝတ်ရတနာ အဆင်တန်ဆာတွေကို ပြည်သူလူထု လေ့လာနိုင်စေဖို့ အထူးပြပွဲခင်းကျင်းပြီး အခမဲ့ ပြသသွားမှာ ဖြစ်ပါတယ်” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စု ဝန်ကြီးက အဖွင့် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့ ပြခန်းများအား လိုက်လံ ကြည့်ရှုကြစဉ် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်မှ ရရှိသော အလေးချိန် ၃၃ ဒသမ ၇ ဂရမ်ရှိ တာရာဒေဝီနတ်သမီး ရွှေသားရုပ်တုကို တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာ့ သမိုင်းတွင် ဘီစီ ၂ ရာစုမှ အေဒီ ၉ရာစုအထိ ထွန်းကားခဲ့သည့် ပျူခေတ်သည် ရွှေပန်းထိမ်၊ ငွေပန်းထိမ်ပညာ၌ အလွန် တိုးတက် မြင့်မားထွန်းကားခဲ့သည်ဟု အထောက်အထားများအရ သိရ ကြောင်း၊ ပုဂံခေတ်အထိ ဆက်လက်ထွန်းကားခဲ့ကြောင်း၊ ပုဂံခေတ်က ရွှေအုန်းဖူး ဆွဲကြိုး၊ ရွှေဆင်းတု နှင့် တာရာဒေဝီ နတ်သမီး ရုပ်တုများမှာ ပျူခေတ်က ရွှေထည်ပစ္စည်းများအတိုင်း လက်ရာ ထူးခြားပြီး ဆန်းကြယ် လှပကြောင်း၊ ကုန်းဘောင်မင်းဆက်ကို ထူထောင်ခဲ့သည့် အလောင်းမင်းတြား ကြီးသည် မြန်မာ – ဗြိတိန် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်စေရေး ရည်ရွယ် ချက်ဖြင့် စာကြောင်း ၁၀ ကြောင်းပါ ရွှေပေလွှာကို ရေးသားပြီး ဗြိတိန် ဘုရင် ဂျော့ – (၂ )ထံ ၁၇၅၆ ခုနှစ်တွင် ပေးပို့ခဲ့ကြောင်း၊ ရွှေကို အပြားပြုလုပ်ခြင်း၊ ရွှေပေးလွှာ၏ အစွန်းနှစ်ဘက်၌ ပတ္တမြား ၁၂ လုံးစီ မြှုပ်နှံ ထည့်သွင်းခြင်း၊ ရွှေပေလွှာ၌ အလောင်းမင်းတြားကြီး၏ ဘွဲ့တံဆိပ်တော် ဟင်္သာပုံကို ဖောင်းကြွ ပြုလုပ်ထားခြင်းတို့မှာ ပန်းထိမ်ပညာကို အသုံးပြုထားခြင်းပင် ဖြစ်ကြောင်း၊ အဆိုပါ ရွှေပေလွှာကို ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်ခံရခြင်းမှာ မြန်မာ့ရိုးရာ ပန်းထိမ်ပညာကို အသိအမှတ်ပြုခြင်းပင် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

ထို့ပြင် ၎င်းက “မြန်မာနိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ်တွေအနေနဲ့ မိမိတို့ရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ သမိုင်းကြောင်းကို သိရှိနားလည်မှု အားနည်းမယ်၊ ယဉ်ကျေးမှု ကိုယ်ခံ စွမ်းအား အားနည်း ပျော့ညံ့ မယ် ဆိုရင် ပြည်ပနိုင်ငံများရဲ့ ယဉ်ကျေးမှုများရဲ့ ဝါးမျိုခြင်းကို ခံရမှာ ဖြစ်ပါတယ်” ဟုလည်း ပြောခဲ့ပြီး မိမိ ယဉ်ကျေးမှုကို တန်ဖိုးထားတတ်ဖို့ အလွန်အရေးကြီးကြောင်း၊ လက်မှု ပညာရပ်များကို ကိုယ်တိုင် မကျွမ်းကျင်သည့်တိုင် မိမိတို့ ရိုးရာ လက်မှု ပညာရပ်ဖြင့် ပြုလုပ်ထားသော ပစ္စည်းများကို ဂုဏ်ယူ မြတ်နိုး တန်ဖိုးထားတတ်ဖို့ လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.