Connect with us

Culture & Entertainment

ရွှေတိဂုံ စေတီတော်မြတ်ကြီးနှင့် သိင်္ဂုတ္တရ ကုန်းတော် ကြံ့ခိုင်ရေးအား ဆောင်ရွက်လျက်ရှိ

ရွှေတိဂုံ စေတီတော် (ဆင်ဟွာ)

ရန်ကုန်၊ ၁၂ ရက် (ဆင်ဟွာ)

ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ကိုယ်လုံးတော် ကြံ့ခိုင်ရေး နှင့် သိင်္ဂုတ္တရ ကုန်းတော်ကြံ့ခိုင်ရေး အတွက် ထိန်းသိမ်းမှုများ ကောင်းစွာ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက်လည်း ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ဝင် ဦးစိန်ဝင်းအောင်မှ ယနေ့မီဒီယာ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

နှစ်ပေါင်း ၂၆၀၀ ကျော် သက်တမ်း ရှိပြီဖြစ်သော ရွှေတိဂုံ စေတီတော်သည် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများ တည်ရှိရာဇုန်နှင့် ကာကွယ် ထိန်းသိမ်းရမည့် ဇုန်များ သတ်မှတ်ချက်တွင် ပါဝင်သဖြင့် ရွှေတိဂုံ စေတီတော်၏ ဝတ္တကမြေ ဧရိယာ အတွင်းတွင် ဘုရား ကုန်းတော်အား ဝိတ်မပိစေရန် အဆောက်အအုံ အသစ်များ ဆောက်လုပ်ခြင်းအား ကန့်သတ်ထား ကြောင်းဆိုသည်။

ရွှေတိဂုံ စေတီတော်တည်ရှိရာ ဝတ္တကမြေ ဧရိယာ သည် ၁၁၄ ဧက ရှိပြီး အနောက်ဘက်တွင် ဦးဝိစာရလမ်း၊ တောင်ဘက်တွင် ကန်တော် မင်္ဂလာလမ်း နှင့် ဦးထောင်ဘိုလမ်း၊ အရှေ့ဘက်နှင့် မြောက်ဘက်တွင် အာဇာနည်လမ်း များအတွင်း တည်ရှိကြောင်း ၎င်းက ဆိုသည်။

ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ဝင် ဦးစိန်ဝင်းအောင်မှ စေတီတော်မြတ်ကြီး၏ ကိုယ်လုံးတော် ကြံ့ခိုင်ရေး နှင့် သိင်္ဂုတ္တရ ကုန်းတော်ကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှုများအား မီဒီယာ တွေ့ဆုံပွဲ တွင် ပြောကြားနေပုံ (ဆင်ဟွာ)

ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ၅ နှစ်တစ်ကြိမ် ရွှေသင်္ကန်း ကပ်လှူခြင်းကို ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄-၂၀၁၅ ခုနှစ်တွင် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူထားရာတွင် စုစုပေါင်း ရွှေစင် ၂၄၇ ပိဿာ ၃၈ ကျပ်သား ကို အသုံးပြုပြီး ကပ်လှူထား ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ရုံးမှ သိရသည်။

ရွှေတိဂုံ စေတီတော် ကိုယ်လုံးတော် ကြံ့ခိုင်ရေးအတွက် အကြီးစား ပြင်ဆင်မှုများကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၉ ခုနှစ်တွင် တစ်ကြိမ် ၊ ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ (Xinhua)