Connect with us

Culture & Entertainment

သရေခေတ္တရာနန်းတော်ရာ၏ အရှေ့ဘက်ကျုံးအား ပြန်လည်တူးဖော်၍ ရေသွင်းခြင်းအားဆောင်ရွက်ရန် တင်ပြထားကြောင်းဆို

နန်းတော်ရာမြေလွှာစမ်းသပ်မှုအားဆောင်ရွက်စဉ် (ဓာတ်ပုံ-- သရေခေတ္တရာ ဌာနစု ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်းအတွင်းရှိ သရေခေတ္တရာနန်းတော်ရာ၏ အပြင်ဘက် ပတ်ပတ်လည်တွင်ရှိသော ကျုံးမှ ပထမအဆင့်အနေဖြင့် အရှေ့ဘက်ကျုံးအား ပြန်လည်တူးဖော်၍ ရေသွင်းခြင်းတို့ ဆောင်ရွက်ရန် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြထားကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သရေခေတ္တရာဌာနစု ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း က ဆင်ဟွာသို့ ဇန်နဝါရီ ၁၅ ရက်တွင်ပြောသည်။

“ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း စိတ်ဝင်စားတယ်။ ခွင့်ပြုမယ်လို့လည်းပြောထားတာရှိတယ်။ ၄၄ ဧကရှိတဲ့ နန်းတော်ရာရဲ့ အပြင်ဘက်မှာ မူလကျုံးပတ်ပတ်လည်ရှိတယ်။ ပထမဆုံး အရှေ့ဘက်ကျုံးကို ပြန်တူးပြီး ကြာပန်းလေးတွေ ထည့်မယ်။ ရှေးဟောင်းအမွေအနှစ် နေရာက ပိုလှလာမှာဖြစ်တယ်’’ ဟု ဦးကျော်မျိုးဝင်းကပြောသည်။

တောင်ဘက်နန်းမြို့ရိုးထိန်းသိမ်းခြင်းလုပ်ငန်းအားဆောင်ရွက်စဉ် (ဓာတ်ပုံ– သရေခေတ္တရာ ဌာနစု ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ)

တောင်ဘက်နန်းမြို့ရိုးထိန်းသိမ်းခြင်းလုပ်ငန်းအားဆောင်ရွက်စဉ် (ဓာတ်ပုံ– သရေခေတ္တရာ ဌာနစု ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ)

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာနန်းတော်ရာသည် ပြည်မြို့နှင့် ၅ မိုင်ခန့်အကွာ မှော်ဇာကျေးရွာအနီးတွင်တည်ရှိပြီး နန်းတော်ရာမှာ ၄၄ ဧကကျယ်ဝန်းကြောင်း သိရသည်။

“ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တာက ၅ နှစ်ကျော်၊ ၆နှစ်နီးပါးရှိလာပြီ။ ကမ္ဘာ့အမွေအနှစ်စံတန်ဖိုးနဲ့ ကိုက်ညီအောင် ကျွန်တော်တို့က အမြဲတမ်းမြှင့်တင်ဆောင်ရွက်နေရမှာဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ လောက်က သရေခေတ္တရာနန်းတော်ကြီးဖြစ်တယ်။ အရမ်းလည်း တန်ဖိုးကြီးတယ်ဆိုပြီး ကျွန်တော်တို့က ချုံထဲမှာ ထားထားလို့မရဘူး။ ရတဲ့ဘတ်ဂျက်နဲ့ တဖြည်းဖြည်းရှင်းလင်းမှာဖြစ်တယ်။’’ ဟု၎င်းကဆက်ပြောသည်။

ထို့ပြင် သရေခေတ္တရာနန်းတော်ရာအတွင်းရှိ ချုံနွယ်များဖုံးလွှမ်းလျက်ရှိသည့် ၁၁ ဧကကို ချုံနွယ်များနှင့် အပင်များအားရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူ ကြည့်ရှုလေ့လာနိုင်စေရေးအတွက် မြေသားပြန်ညှိ၍ လျှောက်လမ်းများဖော်ခြင်းတို့အား ယခု ၂၀၂၁ ခုနှစ်အတွင်းဆောင်ရွက်သွားရန်ရှိကြောင်းဆိုသည်။
“သရေခေတ္တရာနန်းတော်ထဲမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တူးဖော်ပြီး ပြကွက်အနေနဲ့ ပြသထားတာ ၅ ဧက လောက်ပဲရှိတယ်။

အခုဒီနှစ်မှာ နောက်ထပ် ၁၁ ဧက ကိုချုံတွေရှင်းနေတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ ချုံရှင်းပြီး အရှေ့ဘက်နန်းမြို့ရိုးဝင်ပေါက်တစ်ခုကို ဌာနက တူးထားတာရှိတယ်။ အဲဒီအပေါက်ကနေ လမ်းလျှောက်ပြီး မူလပြသထားတဲ့ ၅ ဧကကို သွားလို့ရမယ့် လမ်းကလေးကို လုပ်သွားမှာပါ’’ ဟု ဦးကျော်မျိုးဝင်းကဆက်ပြောသည်။

ယင်းလျှောက်လမ်း၏ လမ်းဘေးဝဲယာတွင် သဘာဝပေါက်ပင်လေးများအား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ၊ ဘိုးဘွားအမွေအနှစ်အား ပြည်သူများပိုမိုတန်ဖိုးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းဆိုသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.