Connect with us

Culture & Entertainment

သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ကို COVID-19 ကပ်ရောဂါကြောင့် Virtual စနစ်ဖြင့် ကျင်းပရန် စီစဉ်ထား

၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကျင်းပမှု မြင်ကွင်းတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

တတိယ အကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ကို COVID-19 ကပ်ရောဂါကြောင့် Virtual စနစ်ဖြင့် ကျင်းပသွားရန် စီစဉ်ထားကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

“ဒီနှစ်ကတော့ COVID-19 ဖြစ်တဲ့အခါကြတော့ ကျိုက်က္ကဆံကွင်းမှာ လုပ်ဖို့က အဆင်မပြေတော့ဘူး ။ ဒီနှစ်ကတော့ သမ္မတရုံး ခွင့်ပြုချက် တင်ပြီးသား ၊ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို ခွင့်ပြုချက်တောင်းပြီးတော့ အွန်လိုင်းနဲ့ဆိုတော့ ခွင့်ပြုချက်ရတာပေါ့ ။”ဟု ၎င်းက ပြောကြားခဲ့သည်။

ပွဲတော်ကို ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများချစ်ကြည်ရင်းနှီးရေး၊ ရိုင်းပင်းကူညီရေး၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ တောတောင်ရေမြေအလှများ၊ တိုင်းရင်းသားဒေသအခြေပြုခရီးသွားလုပ်ငန်းများအပြင် ရိုးရာအဝတ်အထည်များ၊ ဒေသထုတ်ကုန်များကို နိုင်ငံတကာသို့တင်ပို့နိုင်ရေးတို့အတွက် ရည်ရွယ် ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

တတိယ အကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် မှ မတ်လ ၅ ရက်အထိ Virtual စနစ်ဖြင့် ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးနှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ တင်ပြခဲ့ရာ ဆောင်ရွက်မည့် အစီအစဉ်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ညှိနှိုင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနများသို့ လိပ်မူ၍ အကြောင်းပြန်လာခဲ့သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ညွှန်ကြားချက်များနှင့်အညီ သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ပွဲတော်ကို ကျင်းပနိုင်ရန် အကြိုညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ဇန်နဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည်။

သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကို ပထမအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်မှ ၃၀ ရက်အထိလည်းကောင်း၊ ဒုတိယအကြိမ်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်အထိ လည်းကောင်း ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.