Connect with us

Culture & Entertainment

ဟံသာဝတီ ဆင်ဖြူရှင် လှူဒါန်းခဲ့သည့် ခေါင်းလောင်းစာကို ယူနက်စကို-ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်း တင်သွင်းခဲ့

ဟံသာဝတီ ဆင်ဖြူရှင် ဘုရင် လှူဒါန်းခဲ့သည့် ခေါင်းလောင်းစာအား တွေ့ရစဉ် (ဓာတ်ပုံ--ယဉ်ကျေးမှု ဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင် မင်းတရားကြီးက ပုဂံရွှေစည်းခုံ ဘုရားတွင် လှူဒါန်းခဲ့သည့် ခေါင်းလောင်းစာကို ယူနက်စကို-ကမ္ဘာ့ မှတ်တမ်း အမွေအနှစ်စာရင်း တင်သွင်းခဲ့ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

ယူနက်စကို-ကမ္ဘာ့ မှတ်တမ်း အမွေအနှစ်စာရင်း (UNESCO Memory of the World) တင်သွင်းနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ အဆိုပြု တင်သွင်းခဲ့ရာ၊ ၂၀၁၆ ခုနှစ်၊ မေလ ၃၁ ရက် နောက်ဆုံးထား၍ အဆိုပြုလွှာ တင်ပြချက်များကို အချော အပြည့်အစုံ အပြီးသတ် ပေးပို့ရမည် ဖြစ်ကြောင်း ၊ သမိုင်းပညာရှင်များ၊ မြန်မာစာပေနှင့် ဘာသာစကား ပညာရှင်များ၊ တက္ကသိုလ်များမှ မြန်မာစာဌာန၊ သမိုင်းဌာန၊ ရှေးဟောင်း သုတေသန ပညာဌာန၊ အရှေ့တိုင်း ပညာဌာနတို့မှ ပညာရှင်များထံ ပေးပို့၍ အကြံဉာဏ်များ တောင်းခံလျက် ပြင်ဆင် ရေးသားခဲ့ကာ ၂၀၁၆ ခုနှစ်၊ မေလ ဒုတိယပတ်တွင် ပေးပို့ တင်ပြနိုင်ရန် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ပုဂံ ရွှေစည်းခုံ ဘုရားမှ ဘုရင့်နောင် ခေါင်းလောင်းတွင် ရေးထိုးထားသော ကမ္ပည်းစာသည် ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင် မင်းတရားကြီး ၏ ဆောင်ရွက်ချက်များကို ဖော်ပြသော ပါဠိ၊ မွန်၊ မြန်မာ၊ သုံးဘာသာဖြင့် ရေးထိုးထားသည်။ ထိုခေါင်းလောင်းစာက ခိုင်လုံသော ခေတ်ပြိုင် မှတ်တမ်းဖြစ်ခြင်း၊ နေ့ရက်များကို ပြက္ခဒိန်နှင့် တိုက်ဆိုင် စစ်ဆေးသောအခါ တိကျ မှန်ကန်ခြင်း၊ မဟာရာဇဝင်ကြီး၊ မှန်နန်း ရာဇဝင်တော်ကြီးများမှ အမှားအယွင်းများကို ပြင်ဆင်နိုင်ရန် အထောက်အကူပြုခြင်းနှင့် ပြည့်စုံ တိကျအောင် ဖြည့်စွမ်းနိုင်ခြင်း စသော ဝိသေသ လက္ခဏာတို့နှင့် ပြည့်စုံသည့် မော်ကွန်း ကမ္ပည်းစာ ဖြစ်ကြောင်း၊ ရှေးဟောင်း ဝတ္ထုပစ္စည်း တစ်ခု ဖြစ်သကဲ့သို့ သမိုင်းဆိုင်ရာ၊ မနုဿ ဗေဒဆိုင်ရာ၊ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှု ဆိုင်ရာ၊ အနုပညာ လက်ရာဆိုင်ရာ တန်ဖိုးမြင့်မားသည့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် တစ်ရပ် ဖြစ်ကြောင်း၊ ဘာသာစကားနှင့် စာပေဆိုင်ရာ ခိုင်လုံသော မူရင်းအထောက် အထားလည်း ဖြစ်ကြောင်း၊ ထိုသို့ တန်ဖိုး မြင့်မားလှသည့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သော ဘုရင့်နောင် ခေါင်းလောင်းစာကို အမျိုးသားအဆင့်၊ နိုင်ငံတော် အဆင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.