Connect with us

Culture & Entertainment

ပုဂံဒေသဘုရားအမှတ် ၄၁၈ နှင့် ၇၁၆ တို့မှ ခိုးယူခံရသောရုပ်တုနှင့် ရှေးဟောင်းပစ္စည်းများ ပြန်လည်ရရှိ၊ ခိုးယူသူများအား ဖမ်းဆီးရမိ

နေဝင်ဆည်းဆာချိန်တွင် ပုဂံဒေသရှိစေတီပုထိုးများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသဘုရားအမှတ် ၄၁၈ နှင့် ၇၁၆ တို့မှ ခိုးယူခံရသောရုပ်တုနှင့် ရှေးဟောင်းပစ္စည်းများ ပြန်လည်ရရှိပြီဖြစ်ပြီး၊ ခိုးယူခဲ့သူများကိုလည်း ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း က ဆင်ဟွာသို့ ယနေ့ မေ ၄ ရက်တွင်ပြောသည်။ဘုရားအမှတ် ၄၁၈ မှ ဦးခေါင်းသုံးလုံးပါ ဗြဟ္မာရုပ်တု၄ခု၊ ဘုရားအမှတ် ၇၁၆ မှ ခြင်္သေ့ရုပ်တု ၄ခု၊ ဗုံးတီးဟန် ရုပ်တု ၂ ခု၊ ပလ္လင်ထမ်းဟန်ရုပ်တု ၁ခု၊ ကချေသည်ရုပ်တု ၁ ခု၊ အုတ်ခွက်စာပါ အုတ် ၁၉ချပ်၊ ၂ပေ ပတ်လည် ကျောက်ပြားမှ သမင်ရုပ်ပုံပါတစ်ချပ် တို့ကို ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

ဘုရားအမှတ် ၄၁၈ နှင့် ဘုရားအမှတ် ၇၁၆ မှ ရုပ်တုများ ပျောက်ဆုံးပြီး ခိုးယူခံရကြောင်းစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ပုဂံညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ ရှေးဟောင်းပစ္စည်းများနှင့် ခိုးယူသူ၊ လက်ခံသူ၊ ရောင်းချသူ တို့အား ဧပြီ ၁၉ ရက်မှ ၂၈ ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မှ သိရသည်။

“တောတွေထဲက ခေါင်တဲ့နေရာတွေမှာ ဘုရားတွေရှိတယ်။ လူသူအရောက်ပေါက်နည်းတဲ့ ဘုရားတွေပေါ့။ အဲဒီဘုရားတွေက အင်္ဂတေရုပ်ကြွတွေ၊ ကျောက်ရုပ်ကြွတွေ၊ နံရံပန်းချီတွေကိုလည်း မသမာသူတွေရဲ့ ဖျက်ဆီးမှု၊ ခိုးယူမှု တွေကို ကာကွယ်ဖို့ သံတံခါးတွေ ကို ကျွန်တော်တို့ တပ်ဆင်သွားဖို့ရှိပါတယ်’’ ဟုဦးကျော်မျိုးဝင်းက ပြောသည်။ ပုဂံဒေသ၌ ဘုရားစေတီပုထိုးပေါင်း ၃,၈၃၇ ဆူရှိကြောင်း သိရသည်။ (Xinhua)