Connect with us

Culture & Entertainment

အင်းလေးရေပေါ်သင်္ကြန်ပွဲတော် သင်္ကြန်အကြိုနေ့တွင် လူများသောင်းနှင့်ချီ၍ လာရောက်လည်ပတ်

ရှမ်းပြည်နယ်၊ အင်းလေးရေပေါ်သင်္ကြန်ပွဲတော်အတွင်း ယိမ်းသမများ ကပြဖျော်ဖြေနေမှုကို ၂၀၂၃ခုနှစ်၊ ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-- Ministry of Information/ Handout via Xinhua)

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါကြောင့် သုံးနှစ်ကြာ ရပ်နားထားသော ရှမ်းပြည်နယ် အင်းလေးကန် ရေပေါ်သင်္ကြန်ပွဲတော်ကို ပြန်လည်ကျင်းပခဲ့ပြီး ပထမဆုံး သင်္ကြန်အကြိုနေ့တွင် လာရောက်လည်ပတ်သူ သောင်းနှင့်ချီ၍ ရှိကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ဆင်ဟွာသို့ ယနေ့ ဧပြီ ၁၄ ရက်တွင်ပြောသည်။ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်တွင် ရေပေါ်သင်္ကြန်ကို ဧပြီ ၁၃ ရက်မှ ဧပြီလ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အင်းလေးရေပေါ် သင်္ကြန်ကို ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း၊ ပထမအကြိမ် ရေပေါ်သင်္ကြန်ပွဲတော်ကို ၂၀၁၉ ခုနှစ်က ကျင်းပခဲ့ကြောင်း ရေပေါ်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်၊ အင်းလေးရေပေါ်သင်္ကြန်ပွဲတော်အတွင်း ယိမ်းသမများ ကပြဖျော်ဖြေနေမှုကို ၂၀၂၃ခုနှစ်၊ ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ– Ministry of Information/ Handout via Xinhua)

အင်းလေးဒေသသည် ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်ရန် နေရာတစ်ခုဖြစ်ပြီး ဒေသတွင်း၏ အဓိကစီးပွားရေးမှာ ခရီးသွားလုပ်ငန်းဖြစ်ကြောင်း ၊သင်္ကြန်ပွဲတော် ဆင်နွှဲရာတွင် ပါဝင်သူများအနေဖြင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း ဦးအောင်ဇော်အေးက ဆိုသည်။

ရှမ်းပြည်နယ် အင်းလေးရေပေါ် သင်္ကြန်ဖွင့်ပွဲ အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးထင်အောင်နိုင်က “အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့မှာတင် ဧည့်သည် သောင်းချီလာပါတယ်။ ရေပေါ်သင်္ကြန်လည်ပတ်ရင်းနဲ့ အင်းလေးဒေသက နေရာတွေကို သွားရောက်လည်ပတ် ကြပါတယ်။ ပွဲတော်အတွင်း လုံခြုံရေးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ နဲ့ ပူးပေါင်းဆောင်ရွက် နေကြတာရှိပါတယ်။ ရေပေါ်သင်္ကြန်ပွဲတော် ကိုတခြားဒေသကလာတဲ့သူတွေက ၇၀ ရာခိုင်နှုန်းရှိပါတယ်။ နိုင်ငံခြားဧည့်သည်တွေသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေတာလည်း တွေ့ရပါတယ်’’ ဟုပြောသည်။

အင်းလေးရေပေါ်သင်္ကြန်ပွဲတော်တွင် ယိမ်းအဖွဲ့ ၁၅ ဖွဲ့ မှ ကပြဖျော်ဖြေလျက်ရှိပြီး နိုင်ငံကျော်အဆိုတော် နောနော်၊ ဘုန်းသျှံတို့နှင့် အခြား အဆိုတော်များပါဝင်ဖျော်ဖြေလျက်ရှိကြောင်းသိရသည်။

အင်းလေးရေပေါ်သင်္ကြန်ပွဲတော်တွင် စက်လှေစီး၍ ရေပက်ခံကြပြီး လည်ပတ်သူများကို စတုဒိသာ ကျွေးမွေးကြကြောင်း သိရသည်။
မြန်မာ့ရိုးရာ ၁၂ လရာသီ ပွဲတော်များအနက် သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိပြီး ရေပက်ကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ လူကြီးမိဘများကို ခေါင်းလျှော်ပေးခြင်း၊ လက်သည်း၊ ခြေသည်းညှပ်ပေးခြင်း အပါအဝင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည်။ (Xinhua)

#အင်းလေးရေပေါ်သင်္ကြန် #ဦးထင်အောင်နိုင်#InleFloatingThingyan #UHtinAungNaing

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.