Connect with us

Education & Health

ကာယပညာသင်ကြားလေ့ကျင့်မှုဆိုင်ရာ သင်ခန်းစာများ သင်ရိုးညွှန်တမ်းသစ်တွင် ထည့်သွင်းရေးဆွဲရန် ဆောင်ရွက်လျက်ရှိ

ကျောင်းတွင်း ကာယလေ့ကျင့်မှု ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ပညာရေးဝန်ကြီးဌာနအနေဖြင့် စာသင်ကျောင်းများတွင် ကာယပညာသင်ကြားလေ့ကျင့်မှုဆိုင်ရာ သင်ခန်းစာများကို လာမည့်သင်ရိုးညွှန်တမ်းသစ်တွင် ထည့်သွင်းရေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ သြဂုတ် ၁၁ ရက် တွင်ပြောကြားခဲ့သည်။

 “ပညာရေးဝန်ကြီးဌာန အနေနဲ့ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ  “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” လုပ်ငန်းများ ဆောင်ရွက်တဲ့နေရာမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်း လက်တွဲကာ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုပြီး လူထုအားကစားလှုပ်ရှားမှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပုံမှန်ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာ ကျွန်တော်တို့ဆွေးနွေးခဲ့ကြပါတယ်’’ ဟု ၎င်း ကပြောသည်။

ကျောင်းနေအရွယ် လူငယ်များတွင် ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်မှု အလေ့အထကောင်းများ သန္ဓေတည်ဖြစ်ထွန်းလာပါက အဆိုပါအလေ့အထကောင်းများသည် ၎င်းတို့၏ မိဘများ၊ ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများထံ ထပ်ဆင့်ပြန့်ပွားလာနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အားကစားနှင့် ပညာရေးပေါင်းစပ်၍ ကာယပညာသင်ရိုးများ (Physical Fitness) ကိုထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အားကစားလေ့ကျင့်မှုပုံစံပြသမှုများကို ပညာရေးဝန်ကြီးဌာနမှ ထူထောင်ထားသော “Myanmar Digital Education Platform” တွင်လည်း ထည့်သွင်းထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)