Connect with us

Education & Health

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မင်းဓမ္မပညာ့ရိပ်သာ ဆရာများအိမ်ရာ၊ လှိုင်ပညာ့ရိပ်သာ ဝန်ထမ်းအိမ်ရာနှင့် သိပ္ပံပစ္စည်းစက်ရုံသစ် ဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့၊ နံနက်(၈)နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် MEMBER OF SAE PAING DEVELOPMENT LIMITED တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော ရန်ကုန်တိုင်းဒေသကြီး မင်းဓမ္မပညာ့ရိပ်သာ ဆရာများအိမ်ရာ၊ လှိုင်ပညာ့ရိပ်သာ ဝန်ထမ်းအိမ်ရာနှင့် သိပ္ပံပစ္စည်းစက်ရုံသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကားပြောကြားရာတွင် ယခုတင်ပြသွားသည့် ပုံများအရဆိုရင် အင်မတန်မှ ကောင်းသည့် ဝန်ထမ်းအိမ်ရာတစ်ခု ဖြစ်ကြောင်း၊ ဒီလို ဝန်ထမ်းအိမ်ရာတစ်ခုနှင့် ထိုက်တန်သည့် ဝန်ထမ်းများလည်း ပေါက်ဖွားလာမည်လို့ မျှော်လင့်ကြောင်း၊ မိမိတို့ အစိုးရ၏ ရည်မှန်းချက်သည် နိုင်ငံ၏ ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဆောင်ကျဉ်းပေးနိုင်မည့် ဒီမိုကရေစီ ဖဒရယ်ပြည်ထောင်စု တစ်ခုကို ဆောက်တည်ဖို့ပဲဖြစ်ကြောင်း၊ ဒီလိုဆောက်တည်ရာမှာ လူသားစွမ်းရည်နှင့် စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံများလည်း လိုအပ်ကြောင်း၊ ဒါတွေကိုလည်း အဆင့်မြင့်တင်ဖို့ လိုအပ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေနှင့် မိမိတို့ ပြည်သူများအတွက် စိန်ခေါ်မှုများ၊ အခက်အခဲများ ကြုံဆုံ ရင်ဆိုင်နေရသည်ဆိုတာ သိပြီးသားဖြစ်ကြောင်း၊ စိန်ခေါ်မှုများ၊ အခက်အခဲများ ကြားထဲကနေ အခွင့်အလမ်းများ၊ တိုးတက်မှုများကို ရနိုင်ဖို့ မိမိတို့ အားလုံး ကြိုးစား အားထုတ်ကြရန်လိုကြောင်း၊ ဝန်ထမ်းများ၊ ဆရာဆရာမများသည် အလွန်အင်မတန် အရေးကြီးကြောင်း၊ မိမိတို့၏ လူငယ်များ၏ စိတ်ဓာတ်မြင့်မားလာအောင်၊ ခိုင်မာလာအောင်၊ မိမိတို့ ငယ်ငယ်တုန်းက မိဘဆရာမို့၊ ဆရာမိဘလို့တောင် ပြောပါကြောင်း၊ သွန်သင်ဆုံးမသည့် နေရာမှာ ဆရာများက ရှေ့တန်းကပဲ သတ်မှတ် ထားခြင်းပင်ဖြစ်ကြောင်း၊ ယနေ့ခေတ် ကမ္ဘာကြီးမှာ ခေတ်မီ နည်းပညာများ အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေတာ ဖြစ်ကြောင်း၊ မိမိတို့ ပြည်သူများ အနေဖြင့်လည်း ခေတ်မီ နည်းပညာများ၊ ခေတ်မီတွေးခေါ်ဆန်းသစ်မှုများကို တီထွင်ဖန်တီးကြံဆ အားထုတ်ကြရာမှာ တစ်ဖက်ကလည်း သင့်တင့်မျှတသည့် ပစ္စည်းမှုများ အထိုက်အလျောက် ရရှိဖို့လိုကြောင်း၊ နိုင်ငံတော်၏ ဓနအင်အားနှင့် ဘဏ္ဍာငွေ ရရှိနိုင်မှု အခြေအနေပေါ် မူတည်ပြီး တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသည့် အခြေအနေမှာ ယနေ့ ဖွင့်သည့် ဆရာများအိမ်ရာ၊ ဝန်ထမ်းအိမ်ရာနှင့် သိပ္ပံပစ္စည်း စက်ရုံများ အနေဖြင့် တစ်ဖက်တစ်လမ်းကနေ ကောင်းမွန်သည့် အထောက်အကူ ကောင်းများ ဖြစ်လာစေရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အပ်နှံမှုအထိမ်းအမှတ်အဖြစ် မှတ်တမ်းဓာတ်ပုံများကို ပေးအပ်ပြီး၊ ဦးဝိတ်က အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းထံသို့ အိမ်ရာထိန်းသိမ်းရေး ရန်ပုံငွေ ကျပ်သိန်း(၂,၀၀၀)အား ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖွင့်ပွဲအခမ်းအနားအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး၊ မင်းဓမ္မပညာ့ရိပ်သာ ဆရာများအိမ်ရာ၊ လှိုင်ပညာ့ရိပ်သာ ဝန်ထမ်းအိမ်ရာနှင့် သိပ္ပံပစ္စည်းစက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ယင်းအဆောက်အဦများတွင် စုစုပေါင်း အိမ်ခန်းပေါင်း ၂၃၉၀ ခန်းပါရှိပြီး၊ ကားအစီးရေ ၂၇၀၀ စီးရပ်နားနိုင်သော ကားပါကင်ပါဝင်ကာ ကုမ္ပဏီမှ လုံးချင်းအိမ်မြေနေရာများ၊ Shopping Mall နှင့် Office မြေနေရာများရရှိမည်ဖြစ်သည်။ ယနေ့ အချိန်ထိ ပညာရေးဝန်ကြီးဌာနသို့ အပ်နှံရမည့် အဆောက်အဦများ၏ တည်ဆောက်ပြီးစီးမှုမှာ ၉၅ ရာခိုင်နှုန်းခန့်ရှိပြီး အပ်နှံရမည့် အိမ်ခန်းပေါင်း ၂၃၉၀ ခန်းအနက် အိမ်ခန်း ၁၁၀၄ ခန်း၊ Facillities အဆောက်အဦများနှင့် သိပ္ပံပစ္စည်းစက်ရုံတို့အား လွှဲအပ်နေပြီဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)