Connect with us

Education & Health

မီးခိုးငွေ့ကြောင့် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များမှ ရှောင်ရှားရန် ပြည်သူတို့ သတိပြုဖွယ်ရာများ


ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့ရှိ မြို့နယ် (၇) မြို့နယ်သို့ မီးခိုးငွေ့များ ပျံ့နှံ့ခဲ့ကြောင်း၊ (၂၄-၄-၂၀၁၈) ရက်နေ့၊ နေ့လယ် (၂) နာရီအထိ မီးခိုးငွေ့မွှန်၍ အသက်ရှုကြပ်ခြင်းကြောင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ကုသမှုခံယူသူ (၁၃) ဦးနှင့် ပြင်ပလူနာ (၃) ဦး ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းမှုသည် (၂၁-၄-၂၀၁၈) ရက်နေ့မှစတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မီးလောင်မှုစတင်ခဲ့သည့် (၂၁-၄-၂၀၁၈) ရက်နေ့တွင် မီးခိုးငွေ့များ နေရာအနှံ့အပြားသို့ ပျံ့နှံ့ခဲ့ခြင်းမရှိခဲ့သော်လည်း မီးဆက်လက်လောင်ကျွမ်းနေခဲ့သဖြင့် မြို့နယ်တချို့ သို့မီးခိုးများပျံ့နှံံံ့ခဲ့ခြင်း ဖြစ်သည်။

လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းမှုအားငြိမ်းသတ်နေစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်ဆေးတက္ကသိုလ် (၁) ၊ Department of Rheumatology မှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာ ချစ်စိုးက “အမှိုက်ပုံက ဇီဝပစ္စည်းတွေပါတတ်တယ်။ အပုပ်အသိုးတွေ၊ အရိုးအရင်း တွေ၊ ဟင်းသီးဟင်းရွက်တွေ ပါတတ်တယ်။ ဒီတော့ မီသိန်းဓာတ်က ပိုထွက်တတ်တယ်။ နောက်တစ်ခုက ဆာဖာဒိုင်အောက်ဆိုက်လည်းပါတတ်တယ်။ ကားမီးခိုးက ကာဗွန်မိုနောက်ဆိုက်များတယ်။ နောက်ပြီး နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်လည်းပါတတ်တယ်။ နောက်တစ်ခုက ဓာတုပစ္စည်းတွေမှာ အမှုန်အမွှားလည်း ပါတတ်တယ်။ အဲ့ဒီ့တော့ အမှိုက်ပုံ မီးလောင်တာက အမှုန်အမွှားအနေနဲ့ ဒုက္ခပေးနိုင်သလို ဓာတ်ငွေ့ အနေနဲ့ လည်းဒုက္ခပေးနိုင်တယ်။ အမှုန်အမွှားက အသက်ရှုလမ်းကြောင်းထဲဝင်ပြီး အဆုတ်ထဲကို ဝင်တတ်တယ်။ အမှုန်အမွှားမှာ နှစ်မျိုးရှိတယ်။ ဆံပင်ခြည်လောက်သေးတာ ကို အမှုန်အမွှားခေါ်တယ်။ အဲ့ဒီ့ထက် ပိုသေးတဲ့ အမှုန်ကတော့ ပိုကြောက်ရတယ်။ အဆုတ်ရဲ့ ဟိုးအတွင်းဆုံးပိုင်းအထိ ဝင်နိုင်တယ်။ ဆံပင်ခြည်ရဲ့ လေးပုံတစ်ပုံလောက်ရှိတဲ့ အမှုန်အမွှားကကြတော့ လေထဲမှာ အကြာကြီးနေတယ်။ ရှုလိုက်ရင်လည်း အထဲဝင်သွားနိုင်တယ်’’ ဟုဆင်ဟွာ ကိုပြောသည်။

နှာခေါင်းစည်း

နှာခေါင်းစည်း အနေဖြင့် ရိုးရိုးနှာခေါင်းစည်း စည်းရုံနှင့် မကာကွယ်နိုင်ကြောင်း၊ N95 ကဲ့သို့ နှာခေါင်းစည်းမျိုး၊ ပိုထူ၍ အမှုန်အမွှား မဝင်အောင်ပိတ်နိုင်သည့် နှာခေါင်းစည်းမျိုးမှ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ဆေးရုံ၊ ဆေးခန်းသုံးသည့် သာမာန် နှာခေါင်းစည်းမျိုးက မရနိုင်ကြောင်း၊ ပါမောက္ခဒေါက်တာ ဦးချစ်စိုးကဆိုသည်။

ဓာတ်ငွေ့

“ဓာတ်ငွေ့ကတော့ နှာခေါင်းစည်း စည်းလည်းမရဘူး။လေဝင်ရင် သူကဝင်မှာပဲ အောက်ဆီဂျင်နဲ့ အတူတူ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်တို့ ဆာဖာဒိုင်အောင်ဆိုက်တို့ အိုဇုန်းတို့ ကာဗွန်မိုနောက်ဆိုက်တို့လည်း ဝင်သွားနိုက်တယ်။ အိမ်မှာတံခါးပိတ်ထားရင်လည်း လေက အိမ်ထဲမှာရှိနေတော့ လေနဲ့ အတူတူ ဒီဓာတ်ငွေ့တွေက ပါလာနိုင်တာပဲ။ အိမ်ထဲမှာ တံခါးပိတ်ပြီး အဲကွန်းနဲ့နေရင်တော့ အဆင်ပြေပေမယ့် အပြင်ထွက်ရင် လေကိုရှုမိရင် အသက်ကြီးသူတွေ၊ ပန်းနာရင်ကျပ်ရှိသူတွေ ဆိုရင် ရောဂါပြန်ထနိုင်တယ်။ အမှုန်ပေါ်မူတည်ပြီး တချို့ က အဆုတ်ကိုထိတယ်။ တချို့ ကနှလုံးကိုထိတယ်။ ’’ ၎င်းကဆက်ပြောသည်။

၎င်းဓာတ်ငွေ့များ အဆုတ်ထဲမဝင်အောင်၊ ဓာတ်ငွေ့များ ခန္ဒာကိုယ်ထဲများစွာမဝင်စေရန် အသက်ရှုနှုန်း မမြန်စေရန် လုပ်ရန်လိုအပ်ကြောင်း၊ ပင်ပန်းသည့် ကာယလှုပ်ရှားမှုများစွာမလုပ်သင့်ကြောင်း၊ ပုံမှန်ချိန်တွင် အားကစားလုပ်ပါက ကောင်းသည်ဆိုသော်လည်း၊ လေထုများအရည်အသွေး အနီရောင်အဆင့်လောက် ရှိနိုင်သည့် အနေအထားဆိုပါက ထိုနေ့မျိုးများတွင် အားကစား များစွာမလုပ်သင့်ကြောင်း၊ အရိပ်ထဲတွင် လေ့ကျင့်ခန်းလုပ်ခဲ့ရင်တောင် လေ့ကျင့်ခန်း ၁ နာရီလောက်လုပ်ပါက အသက်ရှုတာက မြန်လာနိုင်ကြောင်း၊ အသက်ရှုမြန်လာပါက အငွေ့များ ခန္ဓာကိုယ်ထဲဝင်သွားနိုင်ကြောင်း၊ မျက်စိနှင့် မမြင်နိုင်သော်လည်း အမှုန်အမွှားတွေ ရှိနိုင်ကြောင်း၊ ထို့ကြောင့် ခန္ဓာကိုယ်ချွေးထွက်နိုင်သည့် ကိစ္စများကို ရှောင်ရှားသင့်ကြောင်း၊ နေပူထဲထွက်အလုပ်လုပ်၍ ချွေးပိုထွက်နိုင်သည့် ကိစ္စမျိုး၊ အသက်ရှုပိုမြန်နိုင်သည့် အလုပ်မျိုးတွေကို အချိန်ပိုင်းလျှော့ ရန်လိုအပ်ကြောင်း သိရသည်။

ပါမောက္ခဦးချစ်စိုးက “အနီးအနားဝန်းကျင်မှာ အမှုန်တွေရှိနိုင်ရင် အနီးအနားဝန်းကျင်မှာ အလုပ်တွေ ခဏနားပေးထားတာမျိုးပေါ့။ အသက်ရှုမြန်လာရင် အောက်ဆီဂျင်ကိုများများရှုရတယ်။ အဲ့ဒီ့အခါမှာ လေထဲက တခြားဓာတ်ငွေ့တွေပါ ဝင်နိုင်တယ်။ အဲ့ဒါကိုလျော့အောင်လုပ်ရမယ်ပေါ့နော်။အရင်က အပြေးလေ့ကျင့်ခန်းလုပ်ရင် အခုကလမ်းလျှောက်တာပဲလုပ်ပါ။ အရင်က ၂ နာရီ ၃ နာရီ လောက်လေ့ကျင့်ခန်းလုပ်ရင် အခု နာရီဝက်လောက်ပဲ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းတင်မဟုတ်ဘူး။ ပင်ပန်းတဲ့အလုပ်တွေလည်း အဲ့လိုပဲ။’’ ဟုဆက်ပြောသည်။

ကဗွန်မိုနောက်ဆိုက်

ဖယောင်းတိုင်ထွန်းခြင်း၊ အမှိုက်မီးရှို့ခြင်း ပြုလုပ်ပါက အပြင်လေထဲတွင် ကာဗွန်မိုနောက်ဆိုက်နှင့် အိမ်ထဲက ကာဗွန်မိုနောက်ဆိုက်ပေါင်းပြီး ၂ဆ မြင့်လာနိုင်ကြောင်း၊ အိမ်တွင်းလေထုညစ်ညမ်းမှုနှင့် အပြင် တွင်ရှိသည့် လေထုညစ်ညမ်းမှု ပေါင်းပါက လေထုညစ်ညမ်းမှု ၂ ဆဖြစ်သွားနိုင်ကြောင်း သိရသည်။

“ ဒါကြောင့် အဲ့ဒါတွေ မလုပ်သင့်ဘူး။ ကာဗွန်မိုနောက်ဆိုက်က သိပ်များရင် တခါတလေ ဘာမှ မသိပဲ အိပ်ရင်းသေသွားတာမျိုးတွေတောင် ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီအချိန်မှာ အမှိုက်မီးရှို့တာ၊ ဖယောင်းတိုင်ထွန်းတာ မလုပ်သင့်ဘူး’’ ဟု ၎င်းကဆက်ပြောသည်။

အဆုတ်၊နှလုံးရောဂါရှိသူ၊ အသက်၆၀ ကျော်ရှိတဲ့သူ၊ အသက် ၅ နှစ်အောက်များ အနေဖြင့် ပိုမိုဂရုစိုက်သင့် ကြောင်း သိရသည်။

“သာမာန် လူငယ်လူရွယ်တွေမှာတော့ တော်ရုံတန်ရုံ တစ်ပါတ်၊နှစ်ပါတ် အဆိပ်အတောက်ဝင်တာက လေ့ကျင့်ခန်းပြန်လုပ်ပြီး၊ နေ့တိုင်း အစားကောင်းကောင်းစားရင် နောက်တစ်လ ၊ နှစ်လ နေရင် ပြန်ပျောက်နိုင်တယ်။ ခံနိုင်ရည်ကောင်းရင်တော့ ဝင်လာတဲ့ အဆိပ်အနည်းငယ်လောက်က ကောင်းတဲ့လေရှုရင် ပြန်ထွက်သွားနိုင်တယ်။နှာစီးချောင်းဆိုးဖြစ်ရင် အခုအခြေအနေမှာ တော့ ဆရာဝန်ပြပြီး ကုသမှု ခံယူသင့်တယ်။ဖျားရင်လည်း ဆရာဝန်ကို ချက်ချင်းပြသင့်တယ်။လေအရည်အသွေးထုတ်ပြန်ချက် ကို တိုင်းတာပြီး ထုတ်ပြန်ပေးရင်ကောင်းတယ်။’’ ဟု ၎င်းက အကြံပြုပြောကြားသည်။

အားကစား နှင့်ကျန်းမာရေးဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်မှု

မီးလောင်ကျွမ်းမှုအခြေအနေများနှင့် မီးလောင်ကျွမ်းမှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးငွေ့များကြောင့် ပြည်သူလူထု ကျန်းမာရေးထိခိုက်နိုင်မှုအခြေအနေများအား သိရှိနိုင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် (၂၄-၄-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး၊ လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထူးရောဂါနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင်ဆရာဝန်နှင့် တာဝန်ရှိသူများသည် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ကွင်းဆင်း၍ ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးဌာနများနှင့် ယာယီဆေးခန်း ဖွင့်လှစ်ထားရာနေရာများသို့သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။

ဆက်လက်၍ (၂၄-၄-၂၀၁၈) ရက်နေ့၊ နေ့လယ်၌ မီးလောင်ကျွမ်းမှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးငွေ့များကြောင့် ပြည်သူလူထုကျန်းမာရေးထိခိုက်နိုင်မှုကို လျှော့ချနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ မီးခိုးငွေ့များကြောင့်ကျန်းမာရေးပြဿနာများဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် “ထိန်ပင်အမှိုက်ပုံ မီးလောင်မှုဖြစ်စဉ်နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကို လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မီးလောင်ကျွမ်းမှုအခြေအနေများ၊ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနိုင်မှုများ၊ မီးလောင်ကျွမ်းမှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးငွေ့များကြောင့် ပြည်သူလူထုကျန်းမာရေး ထိခိုက်နိုင်မှုအခြေအနေများ၊ ဌာနဆိုင်ရာဌာနအသီးသီးမှ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ကြပြီး မီးခိုးငွေ့ပျံ့နှံ့မှုပိုမိုဆိုးရွားလာပါက ပြည်သူလူထုအား ဘေးလွတ်ကင်းရာ ယာယီစခန်းများသို့ ရွေ့ပြောင်းရသည့်အခါ လိုအပ်သောကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်၊ ဆေးရုံများ၊ ဆေးခန်းများနှင့် ကျန်းမာရေးဌာနများတွင် မီးခိုးငွေ့ကြောင့် ကျန်းမာရေးပြဿနာဖြစ်ပွားသည့် လူနာများအား ကုသမှုပေးနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ထားရှိရန်၊ ယာယီဆေးခန်းများတွင် သာမန်မီးခိုးငွေ့သင့်လူနာများအား ကုသမှုပေးရန်၊ မီးခိုးငွေ့ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးအသိပညာများ ပြည်သူလူထုထံဖြန့်ဝေပေးသွားရန်နှင့် ဌာနဆိုင်ရာ များ၊ အဖွဲ့အစည်းများညှိနှိုင်းချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်သွားကြရန်တို့ကို ညှိနှိုင်းဆုံးဖြတ်ခဲ့ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် မီးလောင်ပြင်နှင့်နီးစပ်သော လှိုင်သာယာမြို့နယ်ရှိ ကျုံစုအလယ်ရွာ၊ ရွှေလင်ပန်းကျေးရွာ၊ ၂၂/အလယ်ရွာ၊ ကံလှကျေးရွာ၊ (၂၀)ရပ်ကွက်နှင့် (၁၈)ရပ်ကွက်တို့တွင် (၂၃-၄-၂၀၁၈) ရက်နေ့မှစတင်၍ ကျန်းမာရေးစောင့်ရှောက်မှု ယာယီဆေးခန်းများ ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ သိရသည်။

လေထုအခြေအနေ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန မှ၊ ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်က “လေထုအခြေအနေနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ဖို့ရှိပါတယ်။ မီးလောင်တဲ့ နေရာ၊ မီးခိုးအများဆုံးထိတဲ့ ရပ်ကွက် ၂၀၊ ရပ်ကွက် ၁၈၊ ရပ်ကွက် ၁၅၊ ရပ်ကွက် ၁၂၊ တွေကို လေထုတိုင်းတာစက်နဲ့ တိုင်းနေပါတယ်။ ၂နေရာပြီးပြီ။ နောက် ၃ နေရာ ကျန်သေးတယ်။ နောက် ၅ နေရာ လုံးပြည့် ရင် လေထုအခြေအနေကိုထုတ်ပြန်သွားမယ်။’’ ဟုဆင်ဟွာကိုပြောသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက “အမှိုက်ပုံ မီးလောင်တဲ့ အကြောင်းအရင်း မသိရသေးဘူး။ မီးကလက်ရှိမှာ မငြိမ်းသေးဘူး။ ငြိမ်းသတ်ဆဲအနေအထားပဲရှိတယ်။ မီးလောင်ပြင်က ဧရိယာကျယ်တော့ အချိန်ဘယ်လောက်ကြာဦးမလဲ ဆိုတာ ပြောလို့ရမရသေးပါဘူး။ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀၀ ကျော် အရံမီးသတ်တပ်ဖွဲ့ ဝင် ၁၅၀ ကျော်နဲ့ ငြှိမ်းသတ်လျက်ရှိပါတယ်’’ ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ဆင်ဟွာကိုပြောသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.