Connect with us

Education & Health

ရာသီတုပ်ကွေးရောဂါဖြင့် သေဆုံးမှု ၄.၁၇ ရာခိုင်နှုန်းရှိ

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ဇူလိုင်လ (၂၁) ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ (၁၄း၀၀)နာရီအထိ ပြင်းထန်အသက်ရှုလမ်းကြောင်း ပိုးဝင် ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ (၃၃၆) ဦးရှိခဲ့ပြီး၊ ၎င်းတို့ အနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း (၁၃၂)ဦးရှိကာ သေဆုံးသူ စုစုပေါင်း (၁၄)ဦး ရှိကြောင်း၊ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံ တက်ရောက် ကုသသူများတွင် သေဆုံးမှုနှုန်းမှာ (၄.၁၇)ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ကယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ယနေ့သြဂုတ်လ၄ ရက်နေ့အထိ ဆေးရုံတက်ရောက်ကုသမှုခံယူသူများအားဓါတ်ခွဲစစ်ဆေးခဲ့ရာ လူနာ (၁၁)ဦးတွင် H1N1 ရောဂါပိုးစစ်ဆေး တွေ့ရှိခဲ့သော်လည်း ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် သေဆုံးရခြင်းမဟုတ်ဘဲ အခြားရောဂါဖြင့်သေဆုံး ကြောင်း သိရသည်။

ယနေ့ (၁၄:၀၀) နာရီအချိန်အထိ အထူးကုဆေးရုံကြီး (ဝေဘာဂီ)တွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၂၇)ဦးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ(၃၅)ဦး၊ စုစုပေါင်း (၆၂)ဦး ဆက်လက်ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း၊ ဇူလိုင်လ (၂၁)ရက်နေ့မှ ယနေ့အထိ ဆေးရုံတက်ရောက်ကုသရ သော H1N1 ပိုးတွေ့အတွင်းလူနာများအနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းလူနာ (၄၅)ဦးရှိခဲ့ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ရောဂါဖြစ်ပွားမှုနှုန်း အများဆုံးဒေသများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန်၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးရှိပုသိမ်၊ ညောင်တုန်း၊ ပဲခူးတိုင်းဒေသကြီးရှိ ပဲခူးမြို့နယ်တို့တွင် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ တွင်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team) များသည် ဇူလိုင်(၂၄) ရက်နေ့မှစ၍ ပိုးတွေ့လူနာများ နေထိုင်ရာ ရပ်ကွက်/ ကျေးရွာများအတွင်းရှိ အိမ်များသို့သွားရောက်ပြီး ကျန်းမာရေး ပညာပေးခြင်း၊ အတူနေထိုင်သူများ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးခြင်း၊ လူနာအိမ်နှင့်အနီးပတ်ဝန်းကျင်အိမ်များတွင် ဖျားနာလူနာများ ရှိ/မရှိ စုံစမ်းထောက်လှမ်းခြင်း တို့ကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ရာသီတုပ်ကွေးရောဂါပိုး Seasonal Influenza A(H1N1)pdm09 အား ဂျပန်နိုင်ငံရှိ ဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမှုအဖြေအရ ရောဂါပိုးမှာ အာရှဒေသ အတွင်း ပုံမှန်ပျံ့နှံ့သည့် ရာသီတုပ်ကွေးရောဂါပိုးအမျိုးအစားဖြစ်ပြီး ထူးခြားစွာ မျိုးရိုးဗီဇ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

အထူးသဖြင့် ရာသီတုပ်ကွေးရောဂါ ပြင်းထန်စွာခံစားရနိုင်သော အသက် အရွယ်ကြီးသူများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည် ရောဂါရှိသူ များနှင့် ကိုယ်ခံအားနည်းသူများအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးနည်းလမ်းများကို စနစ်တကျ အထူးသတိပြု လိုက်နာကြရန် လိုအပ်ပါကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.