Connect with us

Education & Health

လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ပလပ်စတစ်ဆာဂျရီဆိုင်ရာနှင့် မျက်စိရောဂါ အခမဲ့ခွဲစိတ်မှုအစီအစဉ်သို့ စာရင်းပေးသွင်းသည့် လူနာ ၁၀၀၀ကျော်ရှိ

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ပလပ်စတစ်ဆာဂျရီဆိုင်ရာနှင့် မျက်စိရောဂါ လူနာများအား အခမဲ့ခွဲစိတ်ကုသပေးရန် ပြင်ဆင်နေမှုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ပလပ်စတစ်ဆာဂျရီဆိုင်ရာနှင့် မျက်စိရောဂါ လူနာများအား အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ပလပ်စတစ်ဆာဂျရီဆိုင်ရာနှင့် မျက်စိရောဂါ လူနာများအား အခမဲ့ခွဲစိတ် ကုသမှုအား နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ (၆) ရက်တိုင်တိုင် နေ့စဉ် နံနက် ၈ နာရီမှ စတင် ကုသပေးသွားမည်ဖြစ်ရာ လူနာဦးရေ (၁၀၀၀) ကျော်အထိ စာရင်းပေးသွင်းထားရှိကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၏ အဓိကပံ့ပိုးကူညီလမ်းညွှန်မှုဖြင့် သီတဂူ သာသနာပြု အဖွဲ့နှင့် ဘယ်လ်ဂျီယံနိုင်ငံမှ Dr.Patrick Lambert Tonnard ဦးဆောင်သည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် မျက်စိခွဲစိတ် အထူးကုဆရာဝန်များ ပါဝင်သော ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်း (၂၇) ဦးတို့က ကယားပြည်နယ်အတွင်းရှိ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ၊ ပလပ်စတစ် ဆာဂျရီဆိုင်ရာနှင့် မျက်စိရောဂါဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသမှုကို နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က လွိုင်ကော်၊ ပြည်သူ့ဆေးရုံကြီးတွင်စတင် ကုသဆောင်ရွက်ပေးနေကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် ကယားပြည်နယ်အတွင်း ကျန်းမာရေး အခမဲ့ကုသစောင့်ရှောက်မှု ဆောင်ရွက်ချက်များအနေဖြင့် ထိုင်းနိုင်ငံမှ အထူးကုဆရာဝန်များဖြင့် နားရောဂါလူနာများ အားလည်းကောင်း၊ ဂျာမနီနိုင်ငံမှ အထူးကုဆရာဝန်များဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူးနှင့် မီးလောင်ဒဏ်ရာ လူနာများအား လည်းကောင်း၊ မြန်မာနိုင်ငံမှ နှလုံးရောဂါ အထူးကုဆရာဝန်များဖြင့် နှလုံးသွေးကြောကျဉ်းနှင့် သွေးတိုးရောဂါလူနာများအား လည်းကောင်း အခမဲ့ ကုသဆောင်ရွက်ပေးနိုင်ခဲ့ရာ အဆိုပါကုသမှု(၃) ကြိမ်အတွက် လူဦးရေ (၃၅၀၀)ခန့်အား ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.