Connect with us

Education & Health

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းပုံစံ အသစ်တွင် စဉ်းစားတွေးခေါ်မှုကို အားပေးသည့် မေးခွန်းများ ပိုမို ပါဝင် လာမည်ဟုဆို

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ သင်တန်း ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား မတ်လ၌ ကျင်းပသွားမည် ဖြစ်ပြီး စာမေးပွဲ မေးခွန်းပုံစံအသစ်တွင် ဘာသာရပ် အားလုံး၌ လွယ် သင့် ခက် မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှုကို အားပေးသည့်မေးခွန်းများ ပိုမို ပါဝင် လာမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေး မှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ သင်တန်းကို နိုဝင်ဘာ ၂၅ ရက်တွင် ရန်ကုန်ပညာရေး တက္ကသိုလ်၌ ကျင်းပခဲ့ရာတွင် ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူများသည် ၂၀၁၅ ခုနှစ်တွင် (၆၃၂,၃၁၄) ဦး ၊ ၂၀၁၆ ခုနှစ်တွင် (၆၇၁,၄၃၁) ဦး၊ ၂၀၁၇ ခုနှစ်တွင် (၇၆၇,၄၂၂) ဦးနှင့် ၂၀၁၈ ခုနှစ်တွင် (၈၄၄,၃၅၈) ဦး ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့်သူ (၈၉၆,၀၁၂) ဦး စာရင်းပေးသွင်းထားသဖြင့် နှစ်စဉ်ဖြေဆိုသူ တိုးတက် များပြားလာပြီး စုစုပေါင်းဖြေဆိုသူ ဦးရေ (၂၅၀,၀၀၀) ကျော် ပိုများလာကြောင်း သိရသည်။

ထို့အတူ စာစစ်ဌာနများကိုလည်း ၂၀၁၅ ခုနှစ်၌ (၁၃၇၆) ခု၊ ၂၀၁၆ ခုနှစ်၌ (၁,၄၇၀) ခု၊ ၂၀၁၇ ခုနှစ်တွင် (၁,၅၉၄) ခု၊ ၂၀၁၈ ခုနှစ်တွင် (၁,၇၄၂) ခုရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် (၁,၈၈၁) ခု အထိ တိုးမြှင့်၍ စာမေးပွဲဖြေဆိုသူများ ပိုမို အဆင်ပြေ နိုင်ဆုံး ဖြစ်ရန် အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီမှုအရ တိုးချဲ့ဆောင်ရွက် ပေးထားကြောင်း ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.