Connect with us

Education & Health

ရှမ်းပြည်နယ်၊လားရှိုးမြို့နယ်တွင် အာဖရိက ဝက်အပြင်းဖျားရောဂါပိုးတွေ့ရှိ

ဝက်မွေးမြူရေးနေရာ တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာ၌ သံသယဖြစ်ဖွယ် ဝက်ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ နာမကျန်းဝက် (၂)ကောင်မှ ကောက်ယူထားသော သွေး နမူနာပစ္စည်းကို မော်လီကျူလာနည်းပညာ ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ အာဖရိကဝက် အပြင်းဖျား ရောဂါပိုး (African Swine Fever Virus)၏ မျိုးရိုးဗီဇကို တွေ့ရှိခဲ့ရ ပါသဖြင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ သို့ သတင်းပေးပို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ကဖေဖော်ဝါရီလ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန မှ တာဝန်ရှိသူတစ်ဦးက “ဒီရောဂါက လူကို ကူးစက်တတ်တဲ့ ရောဂါ အမျိုးအစားမဟုတ်ပါဘူး။ ကျွန်တော်တို့ ဌာန အနေနဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။’’ ဟု ဆင်ဟွာကိုပြောသည်။

အာဖရိကဝက်အပြင်းဖျားရောဂါသည် ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်ပြီး အိမ်မွေးဝက်များ၊ တောဝက်များတွင် သေဆုံးမှုမြင့်မား သော ရောဂါတစ်မျိုး ဖြစ်ကြောင်း၊ ကာကွယ်ဆေးနှင့် ကုသဆေးမရှိသေးကြောင်း၊ အဆိုပါရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် အတွက် ရောဂါဖြစ်ကြောင်းအတည်ပြုပြီးသည့် ခြံအားသုတ်သင်ရှင်းလင်းခြင်း (Stamping out) ပိုးသတ်ဆေးဖျန်းခြင်း၊ ရောဂါ ဖြစ်ဒေသမှ ဝက်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းမှုကို ကန့်သတ် တားဆီးပိတ်ပင်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက် ကြရကြောင်း သိရသည်။ (Xinhua)